ပုသိမ် ၁၀ မေ
ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ ယနေ့အချိန်အထိ စပါးနှင့်ဆန်စက်လုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် စပါးနှင့်ဆန် ရောင်းဝယ်မှုမှာ သင်္ကြန်မတိုင်မီကာလတွင် ရောင်းဝယ်မှုအားကောင်းကြောင်းနှင့် သင်္ကြန်ပြီးကာလမှစ၍ အရောင်းအဝယ်အားနည်းပြီး ဈေးနှုန်းများ ကျဆင်းကြောင်း သိရှိရသည်။
ပုသိမ်မြို့၊ အမှတ်(၁) ရက်ကွက်၊ ကမ်းနားလမ်းရှိ စိန်သရဖူ ဆန်စက်လုပ်ငန်းရှင် ဦးစံအောင်က၏ ပြောကြားချက်အရ သင်္ကြန်မတိုင်မီ စပါးနှင့်ဆန်မှာ အရောင်းအဝယ်ကောင်းကြောင်း၊ သင်္ကြန်ပြီးကာလတွင် အရောင်းအဝယ် အတော်အေးသလို ဈေးနှုန်းများလည်း ကျဆင်းသွားကြောင်း၊ သင်္ကြန်မတိုင်မီကာလမှာ ကိုဗစ်-၁၉ ရောဂါ အား စိုးရိမ်တကြီးဖြစ်၍ ဝယ်ယူစုဆောင်းမှုကြောင့်ဟု ထင်ကြောင်း သိရသည်။
ပုသိမ်မြို့၊ အမှတ်(၁) ရက်ကွက်၊ ကမ်းနားလမ်းရှိ ဦးချိုဆန်စက်လုပ်ငန်းရှင် ဦးမျိုးဝေကလည်း သင်္ကြန်ပြီးကာလ အရောင်းအဝယ်အေးရခြင်းမှာ အစိုးရအဖွဲ့များ နှင့် အလှူရှင်များက မြို့နယ်များရှိ အခြေခံ လူတန်းစားများအား ဆန် နှင့် စားသောက်ကုန်များ လှူဒါန်းမှုလည်းတစ်ခု ပါဝင်ကြောင်း ၎င်း၏ အမြင်ကို ပြောကြားခဲ့ပြီး ဧပြီ ၃၀ ရက်နေ့တွင် မြို့နယ်မှ စက်ရုံစစ်ဆေးရေးအဖွဲ့များ စစ်ဆေးခဲ့ပြီးနောက် ဖွင့်လှစ်ခွင့်ပြုပြီး အလုပ်သမား ၇၀ ဦး ခန့်ဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။
ဆန်စက်လုပ်ငန်းရှင်များ အနေဖြင့် ရန်ကုန်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးများ၊ အတွင်းရှိမြို့နယ်များသို့ ဆန်အများဆုံး တင်ပို့လျက်ရှိပြီး ယခုလက်ရှိ ဆန်တစ်အိတ်လျှင် ပုသိမ် ဧရာဝတီ ပေါ်ဆန်းမွှေး ၄၀ဝ၀ဝ ကျပ်၊ ပုသိမ်ပေါ်ဆန်းရင် ၃၆၀ဝ၀ ကျပ်၊ သီးထပ်ရင် ၂၃၀ဝ၀ ကျပ်၊ မနောသုခ ၂၈၀ဝ၀ ကျပ်၊ ရက်(၉၀)ဆန် ၂၄၅၀ဝ၀ ကျပ် ဖြစ်ကြောင်း သိရသည်။
ကိုတွတ် (ပြန်/ဆက်)


