မြို့သစ် ၁၀ မေ
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ လေးတိုင်းစင်ကျေးရွာအုပ်စု တစ်ဝက်စမ်းတဲတိုက်နှင့် မြေနီအင်တိုင်းတဲတိုက်တို့တွင် နွေရာသီ ရေရှားပါးပြတ်လပ်မှု မရှိစေရေးအတွက် မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အလှူရှင်တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလန် ၄၄၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တစ်ဝက်စမ်းတဲတိုက်တွင် အိမ်ခြေ(၄၇) လူဦးရေ(၁၉၆)ဦးနှင့် မြေနီအင်တိုင်းတဲတိုက်တွင် အိမ်ခြေ(၂၃) လူဦးရေ (၁၀၁)ဦးရှိပြီး အဆိုပါ တဲတိုက်များမှာ နွေရာသီကာလ အပူရှိန်မြင့်တက်မှုကြောင့် စိမ့်စမ်းတွင်းနှင့် လက်တူးတွင်းများ ရေခမ်းခြောက်လာသည့်အတွက် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရေသယ်ယာဉ်နှင့် ကမ္ဘောဇ အနာဂါတ်အလင်းတန်း ရေသယ်ယာဉ်ဖြင့် ရေဂါလန် ၄၄၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“မြို့သစ်မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၁၇၉ ရွာနဲ့ တဲတိုက် ၂၁ ခုရှိပြီး နွေရာသီကာလအတွင်း သောက်သုံးရေပြတ်လပ်မှု မရှိစေဖို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းတွေက ကျေးရွာတွေရဲ့ လက်ရှိ သောက်သုံးရေသုံးစွဲနေမှု အခြေအနေတွေကို အမြဲမပြတ် ကွင်းဆင်းစစ်ဆေးနေပါတယ်။ ကျေးရွာတွေ သောက်သုံးရေရရှိဖို့အတွက် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်မှာတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခွင့်ပြုငွေနဲ့ အရင်နှစ်က ရေဖြန့်ဝေပေးခဲ့တဲ့ ကျေးရွာအပါအဝင် ကျေးရွာကိုးရွာမှာ စက်ရေတွင်းတူးဖော်ပေးနေပါတယ်။ ပြည်တွင်း ပြည်ပ NGOs/ INGOs အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေနဲ့လည်း ပူးပေါင်းပြီး စက်ရေတွင်းတူးဖော်ပေးနေပါတယ်။ ရေရှားပါး ပြတ်လပ်မှု ကြုံတွေ့လာရင်လည်း အချိန်မရွေးဆက်သွယ်အကြောင်းကြားနိုင်ဖို့ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတွေ ကျေးရွာရေကော်မတီဝင်ကိုလည်း အကြောင်းကြားပြီးဖြစ်ပါတယ်။ ကျေးရွာတွေ အနေနဲ့ ရေပြတ်လပ်မှုရှိပါက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး ဖုန်းနံပါတ် ၀၆၃-၅၃၁၉၅/၉၈ သို့လည်းကောင်း၊ အခြားဆက်သွယ်ရေး နည်းလမ်းမျိုးစုံဖြင့် လည်းကောင်း ဆက်သွယ် အကူအညီ တောင်းခံနိုင်တယ်လို့”” မြို့သစ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းက ပြောပြသည်။
သန်းလွင်(မကွေး)


