စလင်း  ၁၀    မေ  

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းလျင်ကျေးရွာအုပ်စု၊ မင်းလျင်ကျေးရွာတွင် သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်ရေး စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောက်ရွက်နေမှုကို ယနေ့နံနက် ၁၁ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးတင့်လွင်ဦးနှင့် ဝန်ထမ်းများသည်  ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ မင်းလျင်ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောက်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းအချိန်မီပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားစေရေးတို့ကို  ဆွေးနွေးမှာကြားခဲ့သည်။

 

မင်းလျင်ကျေးရွာ သောက်သုံးရေရေရရှိရေးအတွက် အနက်ပေ ၄၆၀ ရှိ ၄ လက်မ စက်ရေတွင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံနှင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းတို့အား ယခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၁ ဒသမ ၅ သန်းဖြင့် တင်ဒါအောင်မြင်သော မြင့်မိုရ်စံထား ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါလုပ်ငန်း ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍   အဆိုပါ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးပါက အိမ်ခြေ ၁၀၃ အိမ်နှင့် လူဦးရေ ၄၉၅ ဦးအပြင် ကျွဲ၊ နွား တိရစ္ဆာန်များပါ သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး က ပြောပြ၍ သိရသည်။

သူရိန်(မင်းဘူး)