မြို့သစ် ၁၀ မေ

 

မကွေးခရိုင် မြို့သစ်မြို့နယ်တွင် နှစ်စဉ်နွေရာသီရောက်တိုင်း အပူရှိန်မြင့်မားမှုကြောင့် သောက်သုံးရေများ ရှားပါးပြတ်လတ်မှုများ ကြုံတွေ့နေရသည့် ကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာများအရောက် သောက်သုံးရေများ လိုက်လံဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က မြို့သစ်မြို့နယ် တယ်ပင်စမ်းကျေးရွာ‌‌ပြည်သူများထံသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

လေးတိုင်စင်ကျေးရွာ မီးသတ်ဦးစီးမှူး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက တပ်ဖွဲ့ပိုင် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဂါလန် (၃၂ဝဝ) ကို ကျေးရွာနေပြည်သူများထံသို့ သွားရောက်လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

 

ယခုရက်ပိုင်းတွင် မြို့သစ်မြို့နယ်အတွင်း၌ ရာသီဥတုပူပြင်းမှုကြောင့် ရေသွင်းမြောင်းများ ရေခန်းခြောက်ခြင်း၊ ကျေးရွာရှိ‌ ရေတွင်းများ ရေခန်းခြောက်လာကာ သောက်သုံးရေ အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိသဖြင့် မီးသတ်ဦးစီးဌာနအနေဖြင့် ရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ သောက်သုံးရေများကို ဆက်လက်ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

သန်းဝင်းထွန်း (ပြန်/ဆက်)