ရန်ကုန် ၁၀ မေ

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက မေ ၉ ရက် မွန်းတည့် ၁၂ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသော အမေ့အိမ်အသက်မွေးပညာရေးကွန်ရက် ပညာဒါနကျောင်းသို့ နှာခေါင်းစည်းများချုပ်လုပ်ရန် ပိတ်အုပ် ဆက်စပ်ပစ္စည်းနှင့် အပ်ချုပ်စက်များလှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းမှုပြုလုပ်ခဲ့ရာ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးမိသားစုတို့က အပ်ချုပ်စက်တစ်လုံးလျှင် ငွေကျပ် ၁၅၀၀၀၀ ကျပ်တန်ဖိုးရှိ နှာခေါင်းစည်းချုပ်လုပ်သည့် အပ်ချုပ်စက် (၃)လုံး စုစုပေါင်း ငွေသားကျပ် ၄၅၀၀၀၀၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ငွေကျပ် (၃)သိန်းတန်ဖိုးရှိ ပိတ်အုပ်နှင့် ဆက်စပ်ပစ္စည်း သားရေကြိုး အပ်ချီလုံးများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါအမေ့အိမ် အသက်‌မွေးပညာရေးကွန်ရက် ပညာဒါနကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးလှနှင့်အတူ တပည့် ၁၀ ဦးတို့က ဝိုင်းဝန်းချုပ်လုပ်နေပြီး အင်းစိန်မြို့နယ်နှင့် အခြားမြို့နယ်များသို့ ဧပြီ ၂၉ ရက်မှ ယနေ့ထိ နှာခေါင်းစည်းခုရေ  ၄၀၀၀ ခု လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် တစ်နေ့လျှင် နှာခေါင်းစည်း ၅၀၀ ခန့် ချုပ်လုပ်နိုင်မည်ဖြစ်ပြီး နှာခေါင်စည်းများ ထပ်မံဖြည့်ဆည်းပေးနိုင်ရန် ပိတ်အုပ်များလည်း လိုအပ်နေသေးကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး