ရန်ကုန် ၁၀ မေ

 

ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် ပိတောက်ချောင်းနယ်မြေရှိ သီရိမင်္ဂလာဈေးသစ်အတွင်း လက်လုပ်လက်စား၊ ခေါင်းရွက်ဗျတ်ထိုး၊ အလုပ်ကြမ်း ကုန်ထမ်းလုပ်သားများအား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေချောမွေ့စေရန်  မေ ၉ ရက် နံနက် ၁၀ နာရီက ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့မှ အခြေခံလုပ်သား (၅၀၀)ဦးတို့အား ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ထောက်ပံ့​ပေးအပ် လှူဒါန်းခဲ့ကြသည်။

 

အဆိုပါ လူမှုအကျိုးပြုအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ညီညွတ်ရေးလမ်းတွင် အခြေပြုလျက် ဦးသောင်းစိန် ဥက္ကဋ္ဌအဖြစ် ဦးစီးတည်ထောင်ထားသော ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့ဖြစ်ပြီး ယင်းနေ့တွင် လူတစ်ကိုယ် ဆန် (၂) ပြည်၊ မေဇင်ဆီသန့် ၅၀ ကျပ်သား၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ခေါက်ဆွဲ‌ခြောက်ထုပ်၊ အချိုမှုန့်၊ ဆပ်ပြာမှုန့် တန်ဖိုး ငွေကျပ် ၄၀၀၀ နီးပါးခန့်ရှိ မီးဖိုချောင်သုံးရိက္ခာ ထောက်ပံ့ဝေငှပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဈေးလုံခြုံ‌ရေးနှင့် စည်းကမ်းထိန်း‌ရေးတာဝန်မှူး ဦးအောင်ဝင်းလှိုင်မှ လာရောက်လှူဒါန်းပေးသော ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကျန်းမာရေး စည်းကမ်းချက်နှင့်အညီ စနစ်တကျရှိစေရန် ဝိုင်ဝန်းကူညီ ဆောင်ရွက်ပေးရွက်ပေးခဲ့ကြောင်း သိရသည်။

 

"ကျွန်တော်တို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလကစပြီး အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ဆန်တစ်ပြည် ၁၂၀၀ ကျပ်တန်ကို အရှုံးခံ ထက်ဝက်လျှော့ချ ရောင်းပေးခဲ့တာ မတ်လ ၈ ရက်ထိဆိုရင် လပေါင်း ၁၈ လ အကြိမ်ပေါင်း ၇၅ ကြိမ်ရှိခဲ့ပါပြီ၊ ကိုဗစ်ရောဂါ ကပ်‌ဘေးဆိုးကြီး‌ကြောင့် လူစုလူဝေးမဖြစ်အောင် ရပ်ထားခဲ့ရတာပါ၊‌ ဒီကနေ့တော့ ကျွန်တော်တို့​ရောင်းတာမဟုတ် ထောက်ပံ့လှူဒါန်းတာပါ၊ သီရိမင်္ဂလာဈေးတာဝန်ခံ ဦးဝေလင်းရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ပါ၊ ရှိတဲ့သူက‌ပေးတယ် မရှိတဲ့သူကယူပေါ့၊ လက်လုပ်လက်စား ကုန်ထမ်း ကျဘမ်း အလုပ်သမား (၅၀၀) စာကို ကြိုတင် တုံကင်‌ပေး‌ပြီး လူတစ်ကိုယ် ဆန် ၂ ပြည် မေဇင်ဆီသန့် ၅၀ သား ငရုပ် ကြက်သွန် ဆား အချိုမှုန့် အစရှိတဲ့ မီးဖို‌ချောင်သုံး ဖြည့်စွက်စာ‌တွေပါပါတယ်။ တန်ဖိုးက (၄၀၀၀)ကျပ်‌လောက်‌တော့ ရှိပါမယ်၊ ကိုဗစ်ထိန်းချုပ်ကာလ မရုပ်သိမ်းသေးသ၍ပေါ့၊ အပတ်တိုင်းဆက်လက်လှူသွားမယ့် အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့မိသားစုက ချမ်းသာလို့တော့ မဟုတ်ပါဘူး။ မောင်နှစ်မ ၁၀ ယောက်က မိဘအမွေတစ်‌ယောက်မှမယူဘဲ ဘဏ်ထဲထည့်ဝင်ငွေ မိတ်ဆွေများရဲ့ထည့်ဝင်ငွေပါ၊ မိဘကျေးဇူး‌ပေးဆပ်ရာလည်း‌ရောက် ခုနစ်ရက်သားသမီးများ စိတ်ချမ်းသာကိုယ်ကျန်းမာရှိစေဖို့ ဘေးဘရာအပေါင်းမှ ကင်းဝေးနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်"ဟု ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းစိန်က ပြောသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး