မြင်းခြံ ၁၀ မေ
မြင်းခြံမြို့အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဦးပြေအေး+ဒေါ်ဒေါ်သန်း (ကျောက်တောင်၊ ကျားမာန်) မိသားစုမှ စားသောက်ကုန်ပစ္စည်းများကို မေ ၁၀ ရက် နံနက် ၇ နာရီခွဲက ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြင်းခြံမြို့ ဦးပြေအေး+ဒေါ်ဒေါ်သန်း (ကျောက်တောင်၊ ကျားမာန်) မိသားစုမှ အခြေခံလူတန်းစား အိမ်ထောင်စုများသို့ စားသောက်ကုန်ပစ္စည်းများ မထောက်ပံ့မီ ကြိုတင်ကွင်းဆင်းစစ်ဆေးကာ အမှန်တကယ် စားဝတ်နေရေး အခက်အခဲဖြစ်နေသော မိသားစုများအား စားသောက်ကုန်ပစ္စည်း ထုတ်ယူနိုင်ခွင့် လက်မှတ်များ လိုက်လံပေးအပ်ခဲ့သည်။ မြင်းခြံမြို့အတွင်းရှိ အမှတ် (၂၊ ၃၊ ၄၊ ၅၊ ၆) ရပ်ကွက်များရှိ အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်အတွက် အိမ်ထောင်စုတစ်စုလျှင် ငါးသေတ္တာဘူးကြီး ၁ ဘူး၊ ငါးသေတ္တာဘူးသေး ၁ ဘူး၊ ကုလားပဲ ၃ ဘူး၊ ပဲဇီးကွက် ၅ ဘူး၊ ကြက်ဥ ၅ လုံးကို ပေးအပ်ခဲ့သည်။ အခြေခံလူတန်းစားများအတွက် စားသောက်ကုန် ပစ္စည်းများပေးအပ်ရာတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဦးပြေအေး+ဒေါ်ဒေါ်သန်း (ကျောက်တောင်၊ ကျားမာန်) မိသားစုဝင်များ၊ အမှတ် (၆) ရပ်ကွက် ပရဟိတအဖွဲ့ဝင်များက ပေးအပ်ခဲ့ကြသည်။
စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ နေရာသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူစုလူဝေးမဖြစ်ပွားစေရန် လူတစ်ဦးနှင့်တစ်ဦး ပူးကပ်မှု မရှိစေရန်အတွက် စနစ်တကျ နေရာသတ်မှတ်ပေးထားခြင်း၊ နှားခေါင်းစည်းတပ်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စေခြင်းများ ပြုလုပ်ပေးခဲ့သည်။
ကျော်စွာ(မြင်းခြံ)


