နွေရာသီကာလ အပူရှိန်ပြင်းထန်နေချိန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေချိန်တို့တွင် ပြည်သူများအနေဖြင့် သတိမူဆင်ခြင်နေထိုင်ပြီး သက်ဆိုင်ရာတို့မှ အသိပေးထုတ်ပြန်ထားသော နှိုးဆော်ချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ ကူးစက်ရောဂါဘေးအန္တရာယ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့စဉ်အသိပေးလျက်ရှိပြီး သဘာဝဘေးအန္တရာယ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နေ့စဉ်သတိပေးလျက်ရှိသည်။

အပူရှိန်ပြင်းထန်သော ယခုကာလတွင် မီးလောင်ခြင်း၊ ရေတွင်းရေကန်များခန်းခြောက်ပြီး သောက်သုံးရေရှားပါးခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ အပူရှိန်မြင့်မားစွာ ဖြစ်ပေါ်ခြင်းတို့နှင့် ကြုံတွေ့နေရသည်။ အပူရှိန်ပြင်းထန်နေချိန်တွင် အညာဒေသရှိ ကျေးရွာများတွင် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။ ။

ယခုနှစ်တွင် အပူရှိန်မြင့်မားမှုကို ဆိုးဆိုးရွားရွားကြုံတွေ့နေရပြီး အချို့ဒေသများတွင် အပူချိန်စံချိန်သစ်တင်နေသည်။ ယခုရက်ပိုင်းတွင် ပူပြင်းသော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအပြင် ရန်ကုန်၊ ပဲခူးနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ပူအိုက်သည့်ဒဏ်ကို သိသိသာသာ ခံစားနေရသည်။ ချောက်မြို့တွင် အပူချိန် ၄၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်တင်မြင့်မားခဲ့ပြီး အခြားမြို့များတွင် အပူချိန်သိသိသာသာ မြင့်မားနေသည်။ မိုးကြိုကာလတွင် မြေမျက်နှာပြင်များပူလာလေ့ရှိ၍ အပူရှိန်မြင့်တက် လာခြင်းဖြစ်သော်လည်း အပူရှိန်မှာတစ်နှစ်ထက်တစ်နှစ် တိုးလာသည်။

မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတို့မှာ ကုန်းမြေပူပြီး ပင်လယ်မှလာသော ရေငွေ့လေနှင့်ပေါင်း၍ ပိုမိုပူအိုက်ကာ ချွေးထွက်သည့် ဒဏ်ကိုခံရသောကြောင့် ခန္ဓာကိုယ်၏ခုခံအားစနစ်လျော့နည်းနိုင်ရာ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေချိန်တွင် ခန္ဓာကိုယ်ခုခံအားစနစ် မကျဆင်းအောင် ဂရုစိုက်ရမည်ဖြစ်သည်။ ယမန်နှစ်က အပူရှောင်စခန်းများ ဖွင့်လှစ်ပေးနိုင်သော်လည်း ယခုနှစ်တွင် ကိုဗစ် - ၁၉ ရောဂါကြောင့် ၎င်းစခန်းများဖွင့်လှစ်နိုင်ခြင်းမရှိ၍ မိမိတို့ အသိဉာဏ်ဖြင့် အပူဒဏ်ကို ရှောင်ရှားရမည် ဖြစ်သည်။

ပြည်သူများ ယနေ့ကြုံတွေ့နေရသော ရောဂါဘေး၊ သဘာဝဘေးတို့သည် လူအများမှ ပြန်လည်အကျိုးသက်ရောက်လာမှုများဖြစ်ရာ သဘာဝပတ်ဝန်းကျင်မပျက်စီးရေး၊ ကျန်းမာစွာနေထိုင်နိုင်ရေးတို့ကို အထူးဂရုပြုရမည်ဖြစ်သည်။ ဘေးအမျိုးမျိုးတို့ကို တစ်မျိုးမဟုတ်တစ်မျိုး နှစ်စဉ်ကြုံတွေ့နိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။ ပြည်သူများအနေဖြင့် အပူရှိန်ပြင်းထန်နေချိန်တွင် အရိပ်ရ၍ အေးမြသောနေရာများတွင် နေထိုင်ကြရန်၊ အဆောက်အဦများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားရန်၊ ရေများများသောက်ရန်၊ နေပူထဲမှ ပြန်လာပြီးနောက် ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ရန်၊ အရောင်ဖျော့ပြီး ပွသောအဝတ်အထည်များကို ဝတ်ဆင်ရန်၊ နေ့လယ်အပူရှိန်မြင့်မားချိန်တွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအား မော်တော်ယာဉ်အတွင်း၊ အလုံပိတ်ထားသော အခန်းအတွင်း တစ်ဦးတည်း ထားခဲ့ခြင်းကို သတိပြုရန် လိုပေသည်။

နေ့လယ်ပိုင်း နေရောင်ခြည်တိုက်ရိုက်ထိတွေ့နိုင်သော နေရာများတွင် လှုပ်ရှားမှုများမပြုလုပ်မိစေရန်နှင့် ပူသောနေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ယာဉ်အတွင်း ချက်ချင်းဝင်ရောက်ခြင်း၊ အလွန် အေးသောနေရာမှ ပူပြင်းသောပြင်ပသို့ ချက်ချင်းထွက်ခြင်းတို့ကို ရှောင်ရှား ကြရန်လိုပါသည်။ မလိုအပ်ဘဲ လျှပ်စစ်မီးများကို အသုံးပြုခြင်းမှရှောင်ရှားပြီး မီးလောင်လွယ်သော လောင်စာများ၊ အရာဝတ္ထုပစ္စည်းများမှတစ်ဆင့် မီးလောင်မှုမဖြစ်စေရန် သတိထားကြဖို့ လိုအပ်ပါသည်။ သောက်သုံးရေကို ချွေတာစွာသုံးစွဲခြင်းဖြင့် ရေအခက်အခဲရှိသောသူများအား ကူညီနိုင်ရန် ပြုလုပ်ကြရမည် ဖြစ်သည်။

ထိခိုက်ခံစားရလွယ်ကူသည့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများနှင့် ကလေးသူငယ်များမှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်အချိန်နှင့် အပူရှိန်ပြင်းထန်နေသည့် အချိန်ကာလများတွင် ပိုမိုထိခိုက်ခံစားရနိုင်ပြီး အသက်ဆုံးရှုံးမှုဖြစ်စေနိုင်သဖြင့် ၎င်းတို့အား နေအိမ်ထဲ၌သာ နေထိုင်စေပြီး ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ အပူရှိန်မြင့်မားနေချိန်တွင် ကိုယ်အပူချိန်မြင့်တက်ပြီး ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်အားအင်ကုန်ခန်းခြင်းတို့ကို ပိုမိုသတိပြုကြရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေချိန်တွင် ရောဂါကူးစက်မှု တိုးမလာစေရေးအတွက် ပြည်သူများအနေဖြင့် မတတ်သာမှ အိမ်ပြင်ထွက်ကြပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်းတို့ကို မလွဲမသွေပြုလုပ်ကြခြင်းနှင့်အတူ အပူရှိန်ပြင်းထန်နေသော ယခုကာလ၌ အပူဒဏ်ကို ရှောင်ရှားကာကွယ်ကြခြင်းဖြင့် မိမိတို့၏ကျန်းမာရေးကို မိမိတို့ကိုယ်တိုင် ကြံ့ကြံ့ခံကာကွယ်စောင့်ရှောက် ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ