အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်မြန်ကပ်ရောဂါကို အကြောင်းပြု၍ စက်ရုံအလုပ်ရုံများ ရပ်နားပိတ်သိမ်းမှု၊ အလုပ်သမားဦးရေ လျှော့ချမှုအပါအဝင် အကြောင်းအမျိုးမျိုးတို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်တွင်သို့ တဖွဲဖွဲပြန်လည်ဝင်ရောက်လာနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများမှသာမက အခြားအာဆီယံ နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောက်ရှိနေသူများပါ ပြန်လည်ဝင်ရောက်လာနေကြခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါက ကမ္ဘာကြီးကို စီးပွားရေးအရပါ ဘေးသင့်စေခဲ့သည်။ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးရပ်ဝန်းကြီးတစ်ခုလုံး ထိခိုက်တုန်လှုပ်နေရပြီး ကပ်ဘေးအလွန်ကာလ စီးပွားရေး ရှင်သန်ထမြောက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးတို့ ပြင်ဆင်နေကြရပြီဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခံစားရမှုအများဆုံး စီးပွားရေးကဏ္ဍ များဖြစ်သည့် ကုန်ကြမ်းပေးကုန်ချောယူလုပ်ငန်းများ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသော ချေးငွေများထုတ်ချေးပေးခြင်း၊ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးခြင်း၊ အခြေခံလူတန်းစားများအတွက် အခြေခံစားကုန်များ ထောက်ပံ့ပေးခြင်း စသည်ဖြင့် မိမိအတိုင်းအတာအလျောက် ကုစားမှုများပြုလုပ်နေသည့်အပြင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်တစ်ရပ်ကိုလည်း ရေးဆွဲချမှတ်ထားပြီး ညီညီညွတ်ညွတ်ရှိရေး၊ တစ်ဦးတစ်ယောက်၏ ဝန်ကို ဝိုင်းဝန်းသယ်ပိုးလိုစိတ်ရှိရေး၊ ဝေမျှတတ်သည့်စိတ်ဓာတ်၊ စာနာရိုင်းပင်းမှု၊ လုံ့လဝီရိယရှိမှု၊ ထိုးထွင်း ကြံဆမှုတို့ဖြင့် အောင်မြင်ခြင်းပန်းတိုင်ကို တက်လှမ်းနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။

ကိုဗစ်- ၁၉ ရောဂါသည် မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍကိုလည်း ထိခိုက်စေမည်ဖြစ်ရာ ကုစားမှုကို မဖြစ်မနေ ပြုလုပ်ကြ ရမည်ဖြစ်သည်။ ဤတွင် ပြည်တွင်းအလုပ်အကိုင်များတွင် စက်ရုံအလုပ်ရုံအချို့ ပိတ်သိမ်းသွားမှု နှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့် ရွှေ့ပြောင်းအလုပ်သမားများ ထောင်ပေါင်းများစွာ တို့ကြောင့် အလုပ်အကိုင်လိုအပ်ချက်များစွာ ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်မှုများ ရှိနေကြသည်ဟုလည်း သိရှိရသည်။ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ လုပ်အားအခြေပြုသည့် အလုပ်အကိုင်များ ပေါ်ထွက်လာမည်ဖြစ်ရာ အမှန်တကယ် အလုပ်လုပ်ကြဖို့ပင် ဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံတိုင်းက စီးပွားရေးချည့်နဲ့ယိုင်လဲမှုများကို ပြန်လည်ကုစားရုန်းကန်ကြရမည်ဖြစ်ရာ အမှန်တကယ်စွမ်းဆောင်နိုင်သည့် နိုင်ငံက မြန်မြန်ဆန်ဆန်နာလန်ထကာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုး တိုးတက်သွားမည်ဖြစ်သည်။ ယင်းသို့ စွမ်းဆောင်နိုင်ရန်မှာလည်း နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးက အရေးကြီးသည်။ မဖွံ့ဖြိုး၊ မတိုးတက်သည့်အခြေအနေမှ ရုန်းထွက်လိုသည့်စိတ်၊ ဆင်းတောင့်ဆင်းရဲမနေလိုဘဲ မဖြစ်မနေ စွမ်းဆောင်လိုသည့်စိတ်ဖြင့် ဆင်းရဲနွမ်းပါးမှုကို တွန်းလှန်ကာ မိမိကိုယ်တိုင်နှင့်တကွ နိုင်ငံကိုပါမြှင့်တင်သူများ အမြောက်အမြားပေါ်ပေါက်လာသည်နှင့်အမျှ နိုင်ငံရော လူမျိုးပါ ဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ တက်လှမ်း နိုင်ကြမည်ဖြစ်သည်။

လူတိုင်းလူတိုင်းတွင် ဖွံ့ဖြိုးတိုဆောက်လိုစိတ်၊ စွမ်းဆောင်လိုစိတ် ဟူသော ကိုယ်ရည်ကိုယ်သွေးတို့ပေါ်ပေါက်လာရန်မှာ ဗီဇကအဓိကမဟုတ်ဘဲ ပြုစုပျိုးထောင်ပေးခြင်း၊ ပတ်ဝန်းကျင်အခြေအနေများ ဖန်တီးပေးခြင်းဖြင့် ပြုပြင်ရယူနိုင်ကြောင်း သုတေသနစမ်းသပ်ပြုလုပ် မှုများကတွေ့ရှိခဲ့ပြီးလည်း ဖြစ်သည်။ ပြည်သူလူထုအား ခိုင်မာသော ယုံကြည်ချက်နှင့် အတွေးအခေါ်များပေါ်ပေါက်ရေး၊ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ဆောင်ရွက်ခြင်းသည် မွန်မြတ်သည်ဟူသော အသိ စိတ်ဓာတ်များ ရင့်သန်ရေး၊ အလုပ်လုပ်သူများ၏ စွမ်းဆောင်ရည် အပေါ်လိုက်၍ ခံစားခွင့်များရရှိအောင် ဖန်တီးပေးရေး၊ တန်ဖိုးထားမှု အသစ် (New Values) များပေးရေး၊ ပြည်သူလူထု၏ စိတ်ဓာတ် တက်ကြွအောင် နှိုးဆော်ပေးရေးနည်းလမ်းများဖြင့် ပြည်သူလူထုကို ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ကာ နိုင်ငံတည်ဆောက်ရေးတွင် နေရာတကျ အင်အားပြည့် အသုံးချနိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု လျင်မြန်သော အရှိန်အဟုန်ကိုရရှိနိုင်မည် ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း