ရွှေဘို ၁၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် Mask Campaign အဖြစ် Home Made Mask အခုရေ (၁၀ဝ၀ဝ) ကျော်ကို မေလ(၁၁)ရက်နေ့မှ မေလ(၁၃)ရက်နေ့အထိ (၃)ရက်ဆက်တိုက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်ထံမှ သိရသည်။
Shwe bo Mask Campaign ကို (၃)ရက်ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး Mask Campaign ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ပို၍ ပြန့်နှံ့ခြင်းသည် နှာခေါင်းစည်း (Mask)များ မတပ်ဆင်ခြင်းကြောင့် ပိုမိုဖြစ်ပွားနိုင်သဖြင့် ယခုလိုဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ်က "ရွှေဘိုမှာ Mask Campaign ပထမနေ့ ဖြစ်ပါတယ်၊ Mask Campaign အတွက် နှာခေါင်းစည်း တပ်ဆင်ထားတဲ့သူတွေကိုလည်း ပေးဝေနေပါတယ်၊ နှာခေါင်းစည်း မရှိသေးတဲ့ သူတွေကိုလည်း ပေးဝေနေပါတယ်၊ ရွှေဘို Mask Campaign မှာ အလှူရှင်တွေ လှူဒါန်းထားတဲ့ အဝတ်စ နှာခေါင်းစည်းတွေ ထောင်နဲ့ချီပြီး ရှိနေပါပြီ၊ မနေ့ကထိ နှာခေါင်းစည်း (၈၀ဝ၀) ကျော်ရှိနေပါတယ်၊ ဒီနေ့တစ်ရက်တည်း နှာခေါင်းစည်း (၃၀ဝ၀) ပေးဝေပြီးပါပြီ" ဟု ပြောသည်။
အခမဲ့ပေးဝေခြင်း အစီအစဉ်ပြီးသည့် မေ ၁၃ ရက် နောက်ပိုင်းတွင် ပူးပေါင်းအဖွဲ့မှ နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်းများကို မေ ၃၀ ရက်အထိ စစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပါက နှာခေါင်းစည်းနှစ်ခုကို ငွေကျပ် ၅၀ဝ၀ ဖြင့် ဝယ်ယူတပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြပ်မတ်ခြင်းအစီအစဉ်မှ ရရှိလာသောဒဏ်ငွေများကို နေ့ရက်အလိုက် စာရင်းပြုစုကာ ရွှေဘိုမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ကုသရေးလုပ်ငန်းများတွင် ထည့်သွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ရွှေဘိုမြို့နယ်ရှိ အများပြည်သူများကို ကာကွယ်ခြင်း တစ်ရပ်အနေဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ အလှူရှင်အချို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး Mask အခုရေ(၁၀ဝ၀ဝ)ကျော်ကို တစ်မြို့လုံးအတိုင်းတာအနေဖြင့် ဖြန့်ဝေသွားရန် ဆောင်ရွက် ထားကြောင်းနှင့် အဆိုပါဆောင်ရွက်ထားမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ NGO အဖွဲ့စည်းများအားလုံး ပူးပေါင်း၍ Mask Campaign လှုပ်ရှားမှုကို ယနေ့တွင် ဦးအောင်ဇေယျ ကြေးရုပ်ထု သံလမ်းဆုံတွင် လည်းကောင်း၊ မေလ(၁၂)ရက်နေ့တွင် စည်ပင်သာယာ မြို့မဈေးထိပ်တွင် လည်းကောင်း၊ မေလ(၁၃)ရက်နေ့တွင် BOC မီးပွိုင့်တွင် လည်းကောင်း နံနက် (၈)နာရီမှ စတင်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ ဦးမြင့်လွင်ထံမှ သိရသည်။
မိုးသောက်(ရွှေဘို)၊ ထွန်းမြင့်အောင်(ရွှေဘို)


