ရမည်းသင်း ၁၁ မေ
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ် မှုကြောင့် Quarantine Center မှ ယာယီအဆောက်အအုံပျက်စီးခြင်း ၊ ကျေးရွာပေါင်း ၁၇ ရွာကျော်တွင် လည်း ပျက်စီးမှုများရှိခဲ့ကြောင်း ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်(၂) တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးဦးက ပြောသည်။
ရမည်းသင်းမြို့နယ်တွင် မေ ၁၀ ရက်မွန်းလွဲ ၁ နာရီခန့်က မိုးသည်းထန်ပြီး လေဆင်နှာမောင်းပုံစံ တိုက် ခတ်သဖြင့် ဓာတ်တိုင်များ သစ်ပင်များလဲပြိုခဲ့သည်ဟု သိရသည်။
“မုန်တိုင်းမဟုတ်ဘဲ လေဆင်နှာမောင်းပုံမျိုးဆိုတော့ Quarantine Center က ဆန်အိတ်တောင် လေထဲပါသွားတယ်။ထမင်းကျွေးရုံတို့ ယာယီဆောက်ထားတာတွေ ပျက်စီးသွားပေမယ့် ကြီးကြီးမားမား မဟုတ်ဘူး။ မြို့ထဲက ဓါတ်တိုင်တွေနဲ့ သစ်ပင်နည်းနည်းပါးပါးလဲသွားတယ်။ ရွာပေါင်း ၁၇ ရွာက တော့ သူတို့ဆီမှာ ပျက်စီးတာကို သတင်းပို့လာတယ်။ အတိအကျတော့ စာရင်းကောက်နေဆဲပါ”ဟု ၎င်းက ပြောသည်။
ကနဦး သတင်းများအရ မြို့တွင်းသို့ သွယ်တန်းထားသော ဓါတ်အားခွဲရုံမှ ဓါတ်တိုင် ၁၂ တိုင် လဲပြိုခဲ့သဖြင့် လျှပ်စစ်ဓါတ်အားပြတ်တောက်သွားခဲ့ကာ ပြုပြင်နေဆဲဖြစ်ကြောင်း၊ သစ်ပင်အချို့လည်း လဲပြိုခဲ့ပြီး ကျေးရွာအချို့မှ စာသင်ကျောင်းများလည်း ပျက်စီးမှုရှိခဲ့ရာ မြို့နယ်ထွေ/အုပ်နှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း သိရသည်။
“နေကလည်း တော်တော်ပူနေတာပါ။အကြာကြီးလေတိုက်တာ မဟုတ်သလို မိုးရွာတာကလည်း နာရီဝက်လောက်ပဲ။ သာသနာ့ဗိမာန် Quarantine Center မှာ နေတဲ့သူတွေထဲက မကြာခင်မှာ ၂၁ ရက် ပြည့်တဲသူတွေထဲက ၁၀ ရာခိုင်နှုန်းကို ဓါတ်ခွဲနမူနာ ယူနေတုန်း လေတိုက်တော့ အိုးခွက်တွေ လွင့်သွားတယ်။ကျန်တဲ့ Center တွေမှာတော့ ပျက်စီးမှုမရှိဘဲ သစ်ပင်လဲတာလောက်ပဲ”ဟု ဆက်လက်ပြောကြားသည်။
ရမည်းသင်းတွင်း Community Base Quarantine Center သုံးခုဖြစ်သည့် သာသနာ့ဗိမာန်၊ နည်းပညာ တက္ကသိုလ်နှင့် အထက(၁) တို့တွင် လူဦးရေ ၉၃၀ ကျော်ကို စောင့်ကြည့် ထားရှိပြီး လိုအပ်သည့် စားသောက် နေထိုင်ရေးနှင့် တကိုယ်ရည်သုံး ပစ္စည်းများကို ထာက်ပံ့တို့ကို ပေးနေသည်ဟုဆိုသည်။
မေသက်ထား


