ကလော ၁၁ မေ
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု အင်းပြင်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် လူစုလူဝေးရှောင်ရှား ရမည့် ကာလများ ဖြစ်သဖြင့် မီးဖိုချောင်သုံး စားပင်သီးပင်များအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် လူဦးရေ ထူထပ်သည့်ဈေးများသို့ သွားရောက်ဝယ်ယူခြင်းကို လျှော့ချနိုင်ရေးအတွက် မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီက ကိုဗစ်-၁၉ ရောဂါကာလအတွင်း Home Garden စိုက်ပျိုးရန်မျိုးစေ့ များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်အေးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများက လွယ်အံ့ကျေးရွာအုပ်စု အင်းပြင်ကျေးရွာတွင် နေထိုင်သည့် ပြည်သူများအား အိမ်တိုင်ရာရောက် သွားရောက်၍ စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် Home Garden စိုက်ပျိုးရန်မျိုးစေ့များဖြစ်သည့် သခွား ၊ ငရုတ်ချို၊ မိုးထောင်ငရုတ်၊ ခရမ်းကဇော့ စိမ်း/ဖြူ ၊ ရုံးပတီ၊ ချဉ်ပေါင် ၊ ဟင်းနုနွယ်၊ ပဲတိုင်ထောင်၊ ကြက်ဟင်းခါး၊ ဘူး ၊ တိုင်လွတ်ပဲ ၊မုံညှင်း ၊ဖရုံ ၊ပန်းမုန်လာ ၊ကိုတ်လန် စသည့်တို့ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)


