မိတ္ထီလာ  ၁၁  မေ

 

မိတ္ထီလာ၌ နှာခေါင်းစည်း မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသူများအား တစ်ဦးလျှင် နှာခေါင်းစည်း နှစ်ခု တစ်ထောင်ကျပ်နှုန်းနှင့်  ဝယ်ယူတပ်ဆင်စေသည့် နည်းလမ်းဖြင့်    အသိပညာပေးခြင်းကို စတင် ဆောင်ရွက်လျက်ရှိပြီး မေလ ၁၆ ရက်နေ့တွင် လိုက်နာမှုမရှိသူများအနေဖြင့်   နှာခေါင်းစည်း နှစ်ခုအား ငွေကျပ် ငါးထောင်နှုန်းဖြင့် ဝယ်ယူတပ်ဆင်စေရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

  “မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ မိတ္ထီလာမှာ နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာသူတွေအနေနဲ့ တစ်ဦးကို     နှာခေါင်းစည်းနှစ်ခု တစ်ထောင်ကျပ်နဲ့  ဝယ်ယူတပ်ဆင်စေတဲ့ နည်းလမ်းနဲ့ အသိပညာပေးတာကို မနေ့က မေလ ၁ဝ ရက်နေ့က ကျွန်တော်တို့ မိတ္ထီလာ-မလှိုင်ကားလမ်း ဝန်ဇင်းကန်ဘောင်မှာ စတင်ဆောင်ရွက်ပါတယ်။မေလ ၁၅ ရက်နေ့ အသိပညာပေး ကာလနောက်ပိုင်း မေလ ၁၆ ရက်နေ့က စတင်ပြီး နှာခေါင်းစည်းမတပ်ဆင်ဘဲ အပြင်ထွက်သွားလာတဲ့ သူတွေအနေနဲ့ နှာခေါင်းစည်း နှစ်ခုကို ငါးထောင်ကျပ်နှုန်းနဲ့ ဝယ်ယူတပ်ဆင်ရမည် ဖြစ်ပါတယ်။ နှာခေါင်းစည်းတွေကို စနစ်တကျ လုံခြုံစွာနဲ့ တပ်ဆင်သွားလာခြင်းကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တဲ့သူကို  တည်ဆဲဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်သွားမှာပါ ဟု ဝန်ဇင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ပြောသည်။

 

မိတ္ထီလာမြို့နယ် အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် မေလ ၉ ရက်နေ့က စတင်ပြီး ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ထွက်သွားလာလျှင် နှာခေါင်းစည်းများ စနစ်တကျလုံခြုံစွာ တပ်ဆင်သွားလာရန်နှင့် လိုက်နာမှုမရှိပါက အထက်ပါနည်းလမ်းများဖြင့် အသိပညာပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ ၈ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေး ကြေညာခဲ့ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)