အောင်လံ  ၁၁   မေ

           

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ ၂၀၁၉-၂၀၂၀ နွေသီးနှံဧက (၃၇၀၀)အား မြစ်ရေတင်လုပ်ငန်း(၄)ခုဖြင့် စိုက်ပျိုးရေပေးဝေရန် လျာထားခဲ့သော်လည်း ယခုအခါ လျာထားဧကထက် ပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ခဲ့ပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

           

ယင်းတို့အနက် ဇေယျာမြစ်ရေတင်လုပ်ငန်းသည် ယခုနှစ်နွေရာသီတွင် လျာထား ဧက(၅၅၀)သာ ရှိသော်လည်း  ရေမြောင်းများအား ကောင်းမွန်စွာ ပြုပြင်ပေးနိုင်မှုနှင့် ရေယူအဖွဲ့အစည်းများ၏ စည်းကမ်းလိုက်နာမှုများကြောင့် နွေစပါး(၆၅၀)ဧကအထိ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။

           

အဆိုပါရေပေးဝေမှုတွင် ခန့်မှန်းမီတာ ယူနစ်ကုန်ကျစရိတ်မှာ တစ်ဧကလျှင်(၄၀၀၀၀)ကျပ်နှုန်းခန့်သာရှိပြီး ရေမြောင်းများ ကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေရယူရာတွင် အခက်အခဲမရှိခြင်း၊  အချိန်ရာသီအလိုက်  လိုအပ်သောအချိန်တွင် စိုက်ခင်းများသို့ ရေပေးသွင်းနိုင်ခြင်းတို့ကြောင့် တစ်ဧကအထွက်နှုန်း တိုးတက်လာပြီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိလာခြင်းဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောသည်။

           

သိန်းလွင်(အောင်လံ)