နေပြည်တော်    ၁၁   မေ

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်ပုံနှိပ်၊ ထုတ်လုပ်ခြင်း လုပ်ငန်းများအချိန်မီ ပြီးစီးရေးနှင့် သက်ဆိုင်ရာ ပညာရေးရုံးများအရောက် ပို့ဆောင်နိုင်ရေးအတွက် ဆပ်ကော်မတီနှစ်ရပ် ပူးပေါင်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀) ကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့  Video Confrencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။

 

အစည်းအဝေးတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုအစည်းအဝေးကို ပညာရေးဝန်ကြီးဌာနက ပြန်ကြားရေးဝန်ကြီးဌာနမှ တစ်ဆင့် လာမည့်ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များကို ပြင်ပလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် အပ်နှံခဲ့မှုနှင့်စပ်လျဉ်း၍ အချိန်မီပြီးစီးရေးနှင့် ဖြန့်ဝေနိုင်ရေး အတွက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တက်ရောက်လာကြသူများက ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

6263

 

ထို့နောက် ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကား ပြောကြားသည်။

 

ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ယခင်အစည်းအဝေး ဆွေးနွေးချက်များနှင့် ယခုအစည်းအဝေး ကျင်းပရခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီအတွင်း ရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အနေဖြင့် ကျောင်းသုံးစာအုပ် ရိုက်နှိပ်ခြင်းနှင့် ပို့ဆောင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးမှုနှင့် ပြင်ပပုံနှိပ်တိုက်များ၏ ရိုက်နှိပ်ခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေတို့ကို လည်းကောင်း၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ပြင်ပပုံနှိပ်တိုက်များ ရိုက်နှိပ်ပြီးစီးမှုနှင့် ဖြန့်ချိပို့ဆောင်ရေး ဆောင်ရွက် သွားမည့်  ကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် တက်ရောက်လာကြသူများက ကျောင်းသုံးစာအုပ်များပုံနှိပ် ထုတ်လုပ်ခြင်းနှင့် ဖြန့်ချိရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အစည်းအဝေးဆုံးဖြတ် ချက်မူကြမ်းအား ဖတ်ကြားတင်ပြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်

 

36