မိုင်းယု ၁၁ မေ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြို့ပေါ်နှင့် ကျေးလက်တောင်သူများအနေဖြင့် Stay Home ကာလများ၌ မိမိတို့ ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်နိုင်ရန်နှင့် လူစုလူဝေးများ ရှိသည့်ဈေးများ၊ ကုန်ဆိုင်များသို့ သွားလာမှု လျော့နည်းစေရန် ရည်ရွယ်လျက် အိမ်ရာစိုက်ခင်း စိုက်ပျိုးနိုင်ရန် မျိုးစေ့၊ ပျိုးပင်နှင့် နည်းပညာများ ဖြန့်ဝေပေးခြင်းကို မေ ၁၁ ရက်၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဖြန့်ဝေပေးခြင်းကို မိုင်းယုစိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးမင်းဦးကျော်နှင့် ဝန်ထမ်း များက ခရမ်းပင်၊ ဂေါ်ဖီ၊ တိုင်ထောင်ပဲ၊ မုန်လာဉ၊ ဆလပ်၊ ကန်စွန်း၊ ဘိုစား၊ ခဝဲ၊ မုန်ညင်း၊ ငရုတ်၊ နံနံနှင့် ဟင်းနုနွယ်စသည့် မျိုးစေ့ထုတ်(၁၅ထုပ်)စီဖြင့် (၂၂၅)ထုတ်၊ ငရုတ်ပင်၊ ခရမ်းပင်နှင့် ခရမ်းချဉ်ပင် စသည့်ပျိုးပင်ပေါင်း ၄၀၀ တို့ကို အိမ်တိုင်ရာရောက် ပြည်သူများကို အခမဲ့ဖြန့်ဝေပေးပြီး “သက်ရှည်ကျန်းမာ စိတ်ချမ်းသာစေဖို့ Home Gardenလေး စိုက်ကြစို့” စသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယင်းတို့ဆောင်ရွက်ခြင်းသည့် ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်ကာလအတွင်း မိဘပြည်သူများအနေဖြင့် Stay Home ကာလများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်နိုင်ရန်၊ လူစုလူဝေး နည်းပါးသွားစေရန်နှင့် သန့်ရှင်းလတ်ဆက်ပြီး အာဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်များ အချိန်တိုတွင်းရရှိ၍ မိသားစုအတွက် ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသောပျိုးပင် များကိုလည် သတ်မှတ်ပျိုးသက်ရသည့်အချိန်များတွင် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


