မင်းဘူး ၁၁ မေ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန်နှင့် နွေရာသီ ကာလတွင် ရေရှားပါးမှုကင်းဝေးစေရန် ရည်ရွယ်ပြီး ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မင်းဘူးခရိုင်အတွင်း သောက်သုံးရေရရှိရေးအတွက် မင်းဘူးမြို့နယ်တွင် စိုင်ရှင်ကျေးရွာ၊ ကမ်းနီကျေးရွာ၊ ပိုက်သင် ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနှင့် လေးပင်ကျေးရွာတို့တွင်လည်းကောင်း၊ ပွင့်ဖြူမြို့နယ်တွင် ကံရွာကျေးရွာတွင်လည်းကောင်း ၊ စလင်းမြို့နယ်တွင် တမာချောင်ကျေးရွာ၊ မင်းလျင်ကျေးရွာ၊ အိုးထိန်းကျေးရွာ၊ ရေလဲ ကျေးရွာ၊ ကုက္ကိုကျင်းကျေးရွာနှင့် အရှေ့ကုန်း ကျေးရွာတို့တွင်လည်းကောင်း၊ ငဖဲမြို့နယ်တွင် ဆားပေါက် ကျေးရွာ၊ ပဘွေးကျေးရွာ၊ မကန်းကျေးရွာ၊ ဝန်ကျေးရွာနှင့် ကျောက်ဆုံကျေးရွာတို့တွင်လည်းကောင်း၊ စေတုတ္တရာ မြို့နယ်တွင် ကံဇင်းကျေးရွာ၊ နဘဲတုန်း ကျေးရွာ၊ စင်းချောင်းကျေးရွာနှင့် နတ်ကြီးကျေးရွာ တို့တွင်လည်းကောင်း စုစုပေါင်း ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေရရှိလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ၁၂ ခု၊ လက်တူးတွင်းကျယ် တူးဖော်ခြင်းလုပ်ငန်း ၂ ခု၊ စိမ့်စမ်းသွယ်ယူခြင်း နှင့် ဆက်စပ်လုပ်ငန်းများ ၆ ခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ၁ ခု တို့အား ခွင့်ပြုရန်ပုံငွေကျပ် ၃၉၂ ဒသမ ၉၆၇ သန်းဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ရေရရှိရေးလုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးပါက ယင်းကျေးရွာ ၂၁ ရွာရှိ အိမ်ခြေ ၂၂၇၆၊ လူဦးရေ ၁၀၃၀၀ အား နွေရာသီ ရေရှားပါးမှုမှ ကင်းဝေး၍ သောက်သုံးရေဖူလုံတော့မည်ဖြစ်ကြောင်း" ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးထံမှ သိရသည်။
သူရိန်(မင်းဘူး)


