ပဲခူး ၁၁ မေ

 

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌  ကျင်းပပြုလုပ်သည်။

       

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Facility Quarantine စခန်းများနှင့် စာရင်းဇယားများ မှန်ကန်မှုရှိစေရန်၊ Volunteer(စေတနာ့ဝန်ထမ်း) စာရင်းများ ပြုစုတင်ပြရန်၊ ပုဒ်မ(၁၄၄) ထုတ်ပြန်ထားရှိသည့်ကိစ္စအား တရားဥပဒေနှင့်အညီ တိကျစွာ အရေးယူဆောင်ရွက်ရန်၊ မကြာမီ မိုးရာသီရောက်ရှိလာမည်ဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအတွက် ကြိုတင် စီမံထားရှိရန်နှင့် အထူးသဖြင့် ဆည်/ တမံများ၏ ကြံ့ခိုင်ရေးများ သက်ဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စစ်ဆေးရန်တို့အား မှာကြားခဲ့သည်။

     

ထို့နောက် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ပြည်ပနိုင်ငံများမှ ပြန်လာသူများအား နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ပြည်နယ်/တိုင်းဒေသကြီးများနှင့် ချိတ်ဆက်၍ စနစ်တကျ သယ်ယူ/ပို့ဆောင်ပေးနေမှု အခြေအနေများနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လူဝန်မှုနှင့် လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးမှ စက်ရုံ/အလုပ်ရုံများအား ကျန်းမာရေးစိစစ်ချက် (၁၀)ချက်နှင့်အညီ စိစစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးမှ ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်နေမှုအခြေအနေများနှင့် Volunteer(စေတနာ့ဝန်ထမ်း) စာရင်းများ ကောက်ယူနေမှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် မြင့်ဦးမှ ကိုဗစ်-၁၉ ကာလအတွင်း ဥပဒေမဲ့ ဆောင်ရွက်ခဲ့သည့် တရားခံများအား တရားစွဲဆိုဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးအောင်ဟိန်းကျော်မှ သက်ဆိုင်ရာမြို့နယ်အလိုက် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများနှင့် ချိတ်ဆက်၍ စာရင်းဇယားပြုစု ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့သည်။

     

အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)