ရန်ကုန် ၁၁  မေ

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေး အရာထမ်း အမှုထမ်းများ က အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ကာ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်​သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့မှ စ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မရမ်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးအေးမျိုး ထံ မှ သိရသည်။

 

​မရမ်းကုန်းမြို့နယ် ကျန်းမာရေးမှူး (၁) ဒေါ်လင်းလင်းမော် က “ ဒီကနေ့တော့ ကျွန်မဦးဆောင်တဲ့အဖွဲ့ က မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် မြို့သစ်/ မြို့ဟောင်း အိမ်ခြေ (၄၅၅၈) လုံး လူဦးရေ (၃၉၇၄၀) ဦးရှိတဲ့ ရပ်ကွက်နေ ပြည်သူတွေကို လမ်းအလိုက် အသံချဲ့စက်နဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြောတာတွေ၊ မိုးတွင်းကာလ သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားဖို့ ကာကွယ်ရမယ့် နည်းလမ်းတွေကို အသိပညာပေး ဟောပြောတာတွေ လုပ်ခဲ့ပါတယ်။ ခြင်ကျားမရှိရင် သွေးလွန်တုတ်​ကွေးမဖြစ်နိုင်ဘူး။ ဒါကြောင့် ခြင်ကျားဖြစ်မယ့် ပိုးလောက်လန်း မ​ ပေါက်ပွားရအောင် တစ်အိမ်တက်ဆင်း  ဖုံးသွန်လဲစစ်နဲ့ အဘိတ်ဆေးခတ်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်အလှည့် တင်္နလာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ ရောက်တိုင်း လုပ်သွားမှာပါ” ဟုပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ နှင့် ဧပြီလအတွင်း သွေးလွန်တုတ်ကွေး ဖြစ်ပွားသူ ၄၈၉ ဦး မှာ သေဆုံးသူ ၆ ဦးရှိခဲ့ပြီး CFR  ၁ ဒဿမ ၂ ရာခိုင်နှုန်းရှသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ နှင့် ဧပြီလ အတွင်း ဖြစ်ပွားသူ ၂၂၈ ဦး မှာ သေဆုံးသူ ၄ ဦးရှိခဲ့သည့်အတွက် CFR ၁ ဒဿမ ၇ ရာခိုင်နှုန်း ရှိခဲ့သဖြင့် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုတ်ကွေးရောဂါဖြင့် သေဆုံးနှုန်း လျော့ကျစေရန် ယခုနှစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအပြင် သွေးလွန်တုတ်ကွေးရောဂါအား မမေ့မလျော့စေပဲ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးတွဲ ဆောင်ရွက်ကြစေရန်လည်း ရန်ကုန်တိုင်ဒေသကြီး ပြည်သူ့ကျန်းမာ​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှူးမှ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများထံ လမ်းညွှန်မှာကြားထားကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး