စဉ့်ကိုင် ၁၁  မေ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) သာယာကျွန်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ မြောက်ကိုင်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ စိတ္တရ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ ပေးလွှတ်သော ရေဖြင့် စိုက်ပျိုးသော နှမ်းများ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် သာယာကျွန်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးဧက (၈၀) နှင့် နှမ်းစိုက်ဧက (၇၀) စုစုပေါင်း ဧက(၁၅၀)၊ မြောက်ကိုင်း လျှပ်စစ် မြစ်ရေတင်လုပ်ငန်းမှ နွေစပါးဧက (၁၃၀) နှင့် နှမ်းစိုက်ဧက (၂၀) စုစုပေါင်း ဧက(၁၅၀)၊  စိတ္တရ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးဧက (၇၀) နှင့်နှမ်းစိုက်ဧက (၈၀) စုစုပေါင်း ဧက(၁၅၀)၊  သတ်မှတ်လျာထား စိုက်ပျိုးခဲ့သည်။ လက်ရှိကာလတွင် လျာထားစိုက်ပျိုးမှုများ ရာနှုံန်းပြည့် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) ဦးစီးမှူး ဦးတင်အောင်မြင့်ထံမှ သိရသည်။  

 

လက်ရှိကာလတွင် တောင်သူများ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်ချက်များကိုလည်း တိုက်ရိုက် ဆက်သွယ် အကူညီတောင်းခံစေပြီး အချိန်နှင့်တစ်ပြေးညီ ကူညီပေးလျက်ရှိသည်။ ရေပေးဝေရေး လုပ်ငန်းမှ ပြည်သူ့ဝန်ထမ်းများဖြင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ဖုန်းနံပါတ်များကို ဆိုင်းဘုတ်များထောင်ကာ အသိပေးထားသည်။

       

လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ရေပေးလွှတ်ခအနေဖြင့် နှမ်းစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် (၃၀၀၀) ကျသင့်ပြီး စပါးစိုက်သည့် မြေတစ်ဧကလျှင် လယ်ရိတ်သိမ်းသည်အထိ ရေပေးသွင်းခ ငွေကျပ် (၉၀၀၀) ပေးဆောင်ရသည်။ ပြည်သူ့ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းကာ စိုက်ပျိုးရေ လုံလောက်စေရေး၊ မောင်းသမျှရေဖြင့် စိုက်ဧကများ စိုက်ပျိုးနိုင်ရေး၊ စိုက်သမျှသီးနှံများ အထွက်နှုန်း ကောင်းမွန်စေရေးအတွက် ရေအပိုအလို မရှိစေရေး၊ သီးနှံ စိုက်ခင်းများ ထိခိုက်မှု မဖြစ်စေရေးအတွက် တောင်သူကိုယ်စားလှယ်၊ မြောင်းခေါင်း၊ မြောင်းကြပ်များဖြင့် ရေများကို စနစ်တကျ အသုံးချလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန (ရေအရင်းအမြစ်) ဦးစီးမှူး ဦးတင်အောင်မြင့်  ကပြောပြသည်။

 

တိမ်တမန်