နေပြည်တော် ၁၁ မေ
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ မေ ၁၀ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ နေအိမ် (၂) လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ နေအိမ် (၁၆) လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ် (၅) ခု၌ နေအိမ် (၄) လုံး ပြိုကျပျက်စီးပြီး နေအိမ် (၈) လုံး အမိုးအကာလန် ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်နှင့် သရက်မြို့နယ်၌ နေအိမ် (၁၂) လုံး အမိုးအကာလန် ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် (၃) ခု၌ နေအိမ် (၂၇) လုံး ပြိုကျပျက်စီးပြီး နေအိမ် (၂၄၇) လုံး၊ ဘာသာရေး အဆောက်အဦ (၁) လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ မြို့နယ် (၅) ခု၌ နေအိမ် (၁) လုံး ပြိုကျပျက်စီးပြီး၊ နေအိမ် (၁၈၈) လုံး၊ ဘာသာရေးအဆောက်အဦ (၈) လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်၌ နေအိမ် (၈) လုံး အမိုးအကာလန် ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။
ထို့အတူ မေ ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ ရပ်ကွက် (၂) ခုနှင့် ကျေးရွာအုပ်စု (၄) ခုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးပြိုကျ၊ နေအိမ် (၉) လုံး အမိုးလန်ခဲ့ပြီး သစ်ပင်/သစ်ကိုင်းများ ကျိုးကျခြင်း၊ ဓာတ်တိုင်များ လဲပြိုခြင်းတို့ဖြစ်ပွားခဲ့သည်။ လေပြင်းတိုက်ခတ်စဉ် မိုးကြိုးပစ်၍ လူ(၁)ဦး သေဆုံးခဲ့ကြောင်း ကနဦးသိရသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံး အနေဖြင့် ထောက်ပံ့မှုများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ဒေသရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ဧပြီ ၉ ရက်မှ မေ ၁၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ် (၄၄၁) လုံးနှင့် ဘာသာရေးအဆောက်အဦ (၁၄) လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ် (၇၁၁၈) လုံးနှင့် ဘာသာရေးအဆောက်အဦ (၁၄၄) လုံး အမိုးအကာလန် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လူ (၂) ဦး သေဆုံးခဲ့သည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက် ပစ္စည်းဖိုး၊ ကယ်ဆယ်ရေး ပစ္စည်းဖိုးများနှင့် သေဆုံးသူ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ငွေကျပ် (၃၇၀ဒသမ ၅) သန်းကျော် ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။
ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရသည်။
သတင်းစဉ်


