နေပြည်တော်  ၁၁ မေ

 

Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရေးအတွက် Quarantine ထားရှိရန် လျာထားသော ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဌာနပိုင် အဆောက်အဦများနှင့်စပ်လျဉ်း၍ VideoConferencing စနစ်ဖြင့် ညှိနှိုင်းအစည်း အဝေးကို ဧပြီ ၈ ရက်  နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန (ယဉ်ကျေးမှု) လောကနတ်ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကိုရိုနာဗိုင်းရပ်စ် ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပြန့်ပွားလျက်ရှိသောကြောင့် နိုင်ငံအားလုံးတွင် ရောဂါအန္တရာယ် ကြီးမားစွာ ခံစားနေရပြီး ကမ္ဘာ့နိုင်ငံအများစုတွင် LOCK DOWN အစီအစဉ်ကို ချမှတ်တင်းကြပ်ထားသောကြောင့် လုပ်ငန်းအသီးသီး ၏ ယန္တရားများ အတိုင်းအတာကြီးမားစွာ ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊

 

ပြည်ပနိုင်ငံများသို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်အကိုင်များဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားအချို့မှာ ဆက်လက်ရပ်တည်ရန် ခက်ခဲလာသောကြောင့် ၎င်းတို့၏ဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပေးလျက်ရှိရာ အိန္ဒိယနိုင်ငံတွင် ပုဂ္ဂလိက အစီအစဉ်ဖြင့် ပညာသင်ကြားနေကြသော ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် ၂၅၈ ပါး/ ဦးတို့ကို ဧပြီ ၂၂  ရက်တွင်လည်းကောင်း၊ ကိုရီးယားနိုင်ငံရောက် ရဟန်း/ လူပုဂ္ဂိုလ် ၉၆ ပါး/ ဦး (ရဟန်း ၁ ပါးအပါ) ကို ဧပြီ ၃၀ ရက်တွင်လည်းကောင်း လေကြောင်းခရီးဖြင့် ပြန်လည်ပင့်ဆောင် ခေါ်ယူနိုင်ခဲ့ပါကြောင်း။

 

အလားတူ သီရိလင်္ကာနိုင်ငံတို့မှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် ၁၇၅ ပါး/ ဦး(မော်လဒိုက်မှ လူပုဂ္ဂိုလ် ၁၄ ဦး အပါအဝင်) တို့ကို မေ ၁၆ ရက်တွင် ပြန်လည်ပင့်ဆောင် ခေါ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်များကလည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်/ မန္တလေး) မှ သင်ကြားစီမံ ဆရာတော်များက လည်းကောင်း၊ စာသင်တိုက်များရှိ နာယက ဆရာတော်များက လည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းဝေးစေရန် ရတနသုတ်၊ မေတ္တာသုတ်၊ ပဋ္ဌာန်း ဒေသနာတော်များကို သတ်မှတ်အချိန်များတွင် ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဧပြီ ၁ ရက်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၀ ပါးတို့က ဝေဟင်မှလေယာဉ်ဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံအောင် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ မေတ္တာပို့သခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။

 

ဤဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာကြသူများအတွက် Community Based Facility Quarantine စခန်းအဖြစ် အသုံးပြုနိုင်သော ဘာသာရေး အဆောက်အဦများ၊ ရုံးဌာန အဆောက်အဦများ၊ တက္ကသိုလ် ကျောင်းဆောင်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

တိုင်းဒေသကြီး/ ပြည်နယ်များတွင် Community Based Facility Quarantine ထားရှိနိုင်မည့် ဘာသာရေး အဆောက်အဦ အရေအတွက်မှာ စုစုပေါင်း ၁၉၁ နေရာဖြစ်ပါကြောင်း၊ အဆိုပါနေရာများတွင် Quarantine ထားရှိနိုင်သော လျာထားဦးရေမှာ ၉၁၇၈ ဦးခန့်ဖြစ်ပြီး လက်ရှိစခန်း ဝင်ရောက်နေသည့် အရေအတွက်မှာ ၁၄၀၄ ပါး/ဦး ဖြစ်ပါကြောင်း၊ အဆိုပါစခန်းများတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် အိပ်ယာ၊ နေရာ၊ ရေ၊ မီး၊ မိလ္လာတို့ကို စီစဉ်ပေးလျက်ရှိပြီး စားသောက်‌ရေး လိုအပ်ချက်ကို ဘာသာရေး/ လူမှုရေး အဖွဲ့အစည်းများမှတစ်ဆင့် အလှူရှင် မေတ္တာရပ်ခံ၍ အဆင်ပြေအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း (ဗဟို) ကလည်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များ ဆွမ်းကွမ်းကိစ္စ အဆင်ပြေစေရန်အတွက် ကျောင်းပေါင်း ၆၀၂၄ ကျောင်းနှင့် သံဃာ ၃၄၉၄၄ ပါးတို့အတွက် ဆွမ်းစရိတ် ငွေကျပ် ၃၅၅၄,၅၀၀၀၀ ကို တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများက သက်ဆိုင်ရာ ဆရာတော်များထံ ဆက်ကပ် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရေးအတွက် Community Based Facility Quarantine သတ်မှတ်ထားသော ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ကျောင်းများအတွက် ဆွမ်းစရိတ် ဆက်ကပ်လှူဒါန်းမှု အခြေအနေကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အနုပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး) မှ ပါမောက္ခချုပ်များ၊ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် (စီမံ)၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ သာသနာရေးမှူးများနှင့် အနုပညာ အထက်တန်းကျောင်း (ရန်ကုန်/ မန္တလေး/ ပြည်)မှ ကျောင်းအုပ်ကြီးများက Video Conferencing စနစ်ဖြင့် ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ကိုဗစ်-၁၉ လူနာများအား ဘာသာရေး အဆောက်အဦများနှင့် ဝန်ကြီးဌာနပိုင် အဆောက်အဦများတွင် Community Based Facility Quarantine ထားရှိစဉ် အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးတင်ပြသည်။

 

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ အမျိုးသားရေး အကျိုးစီးပွား ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်မှာ နိုင်ငံ့ဝန်ထမ်းအားလုံးတွင် တာဝန်ရှိပါကြောင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှု တားဆီးထိန်းချုပ်ရေးနှင့် အရေးပေါ်  တုံ့ပြန်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်ခံယူကာ အလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်