မင်းတပ် ၁၁ မေ
မင်းတပ်ခရိုင်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်)ရန်ပုံငွေဖြင့် ကတ္တရာလမ်း ခင်းခြင်းနှင့် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မင်းတပ်-ကျောက်ထု လမ်းခွဲမှ ထင်ချောင်းကျေးရွာအထိ ၁ မိုင် ၅ ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်း ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနှင့် ထင်ချောင်း-၀မ္မသူး-စွန်တောင် (၄)မိုင်ကျောက်ခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုတို့ကို စစ်ဆေးရာ တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ခွီရိန်ကျေးရွာနှင့် သရက်ကုန်းကျေးရွာအတွင်း သောက်သုံးရေရရှိရေးအတွက် (၇/၀)မိုင် ရေသွယ်ယူခြင်း လုပ်ငန်း ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ခံအင်ဂျင်နီယာ ဦးထန်းယွမ်းက ရှင်းလင်းတင်ပြပြီး ခရိုင်စီမံခံခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးက စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)


