မြဝတီ ၁၁ မေ
ကိုဗစ်-၁၉ ရောဂါကြောင့် လေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဂိတ်များ ယာယီကန့်သတ်ထားသည့် ကာလ အတွင်းတွင် မိမိတို့သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်မထွက်ခွာနိုင်သေးသည့် ပြည်ပနိုင်ငံခြားသား အချို့ရှိနေကြရာ မြဝတီမြို့ရှိ လိုင်စင်ရ ဟိုတယ်များတွင်လည်း အဆိုပါ နိုင်ငံခြားသားများ ရှိမရှိ မေ ၁၀ ရက်နေ့က လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ အခုလိုလိုက်လံစစ်ဆေးတာက ခရီးသွား ကန့်သတ်လိုက်တဲ့အတွက် ဒီဟိုတယ်တွေမှာ ပြန်ဖို့ ခက်သွားတဲ့ နိုင်ငံခြားသားတွေ ရှိခဲ့ရင် သူတို့ရဲ့ ဗီဇာသက်တမ်းတိုးတာတွေ၊ သက်တမ်းလွန်နေတာတွေနဲ့ အခြားလိုအပ်တာတွေကို ညှိနှိုင်းကူညီ ဆောင်ရွက်ပေးနိုင်ဖို့ကို ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု မြဝတီခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ချောကြည်ကြည်က ပြောသည်။
ထိုသို့ စစ်ဆေးခဲ့ရာ တည်းခိုနေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံခြားသား စုစုပေါင်း ၃၆ ဦးတွေ့ရှိရပြီး ၂၆ ဦးက ဗီဇာသက်တမ်း ကုန်ဆုံးနေကြောင်း တွေ့ရှိရသည့်အတွက် အဆိုပါ ၂၆ ဦးအား ဗီဇာသက်တမ်း တိုးနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် တည်းခိုနေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံခြားသားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဒေသန္တရ ထုတ်ပြန်ချက်များနှင့် အခြားဆောင်ရန်၊ ရှောင်ရန် အချက်များအားလည်း ရှင်းလင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ လိုက်လံစစ်ဆေးရာတွင် မြဝတီမြို့မှ ခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


