မုံရွာ  ၁၁  မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းတည့် ၁၂ နာရီက မြင်းမူမြို့နယ် စိုင်ပြစ်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းသို့ ရောက်ရှိပြီး မေ ၈ ရက်က မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စုများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး   စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ၅၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်စရိတ်နှင့် စားရိက္ခာဖိုးငွေ (၆၁၈၀၁၀၀) ကျပ်နှင့် ထောက်ပံ့ပစ္စည်းမျိုးစုံတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

mdn

 

ထို့နောက် ဝန်ကြီးချုပ်မှ ကျေးရွာသောက်သုံးရေအတွက် လိုအပ်လျက်ရှိသော စက်ရေတွင်းနှင့် စပ်ဆက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာသားများအတွက် နှာခေါင်းစည်း(Mask)များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အလားတူ မေ ၉ ရက်က မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော  ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာမှ အိမ်(၂) အိမ်အတွက် တစ်အိမ်လျှင် ငွေကျပ်(၁)သိန်းနှုန်း၊ သေဆုံးသူတစ်ဦးအား ငွေကျပ်(၃)သိန်းခွဲနှင့် ဘုတလင်မြို့နယ် စီပါကျေးရွာမှ အိမ်(၅)အိမ်အတွက် စုစုပေါင်း ငွေကျပ်(၅)သိန်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)