၁၂  မေ

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လက်ရှိကာလတွင် လူတိုင်းလူတိုင်း အစဉ်အမြဲလိုက်နာရမည်မှာ အပြင်ထွက်လျှင် လက်ဆေး၊ လူအချင်းချင်း ထိတွေ့ဆက်ဆံလျှင် နှာခေါင်း၊ ပါးစပ်တို့ကို အုပ်စည်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ ခပ်ဝေးဝေးနေဟူသည့် အချက်သုံးချက် ဖြစ်သည်။ ထိုအချက်သုံးချက်သည် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရာတွင် ထိရောက်သောအချက်များဖြစ်သည်။

ထိုအချက်များကို လိုက်နာဆောင်ရွက်လျှင် ရောဂါကင်းဝေးပြီး ထိုအချက်များကို မလိုက်နာ၊ မဆောင်ရွက်လျှင် ရောဂါအလျင်အမြန် ဖြစ်ပွားလာနိုင်ပါသည်။ သာမန်အခြေအနေမှာပင် ထိုအချက်များသည် လူတို့ကို အခြားကူးစက်တတ်သောရောဂါများမှ ကင်းဝေးစေပါသည်။ ကပ်ရောဂါဘေးဖြစ်ပွားနေသော အချိန်အခါတွင်မူ ထိုအချက်သုံးချက်ကို လူတိုင်းလူတိုင်း မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ပါသည်။ သို့သော် လိုက်နာ ကြသူများရှိသလို မလိုက်နာကြသူများလည်း ရှိနေပါသည်။ ။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပွားနေရာ၌ အချို့ နိုင်ငံများသည် ရောဂါကာကွယ်ရေး အချက်များကို တိတိကျကျလိုက်နာသောကြောင့် ရောဂါဖြစ်ပွားမှုများအား ဟန့်တားထိန်းချုပ်နိုင်သည်ကို တွေ့ရသည်။ ယင်းနိုင်ငံများတွင် တောင်ကိုရီးယားနိုင်ငံလည်းပါဝင်ပြီး ရောဂါထိန်းချုပ်နိုင်သည့် အခြေအနေကောင်း ရှိနေသည်။ သို့သော် တောင်ကိုရီးယားနိုင်ငံမှ လူငယ်တစ်ဦးသည် မေလ ၆ ရက်နေ့က ၎င်းတွင် ရောဂါရှိနေသည်ကို မသိရှိသေးခင် ကလပ်တစ်ခုသို့ သွားရောက်ခဲ့သည်။ နောက်နှစ်ရက်အကြာ မေလ ၈ ရက်နေ့၌ ကလပ်တွင်၎င်းနှင့် ဆက်စပ်ခဲ့သူ လူ ၁၅ ဦး ရောဂါကူးစက်ခံလိုက်ရသည်။

မြန်မာနိုင်ငံတွင်လည်း ဤကဲ့သို့အဖြစ်မျိုး တစ်ကြိမ်မက ဖြစ်ခဲ့ဖူးသည်။ ထိုကဲ့သို့ ဖြစ်စဉ်အားလုံးတွင် အဓိကမှာ လူအချင်းချင်းထိတွေ့ ပတ်သက်ခဲ့ရာ၌ မိမိတွင်ရောဂါကူးစက်နေသည်ကို မသိရှိခြင်းနှင့် ပါးစပ် နှာခေါင်းစည်း မတပ်ခြင်းကြောင့်ဖြစ်သည်။ ရောဂါရှိသူနှင့် တစ်အိမ်တည်း အတူနေ၊ တစ်ဆောင်တည်းအတူနေ၊ တစ်ခန်းတည်း အတူနေလျှင် ရောဂါသေချာပေါက် ကူးစက်ခံရမည်ဖြစ်သည်။ ယင်းတို့သည် သင်ခန်းစာယူစရာ အချက်များဖြစ်သည်။ ရန်ကုန်မြို့တွင် ရောဂါရှိသူနှင့် တစ်ဆောင်တည်း အတူနေသဖြင့် ရောဂါအစုအပြုံလိုက် ကူးစက်ခံရသည်ကိုတွေ့ရပြီး နယ်မြို့ တွင် ဝန်ထမ်းတစ်ဦးသည် ရောဂါရှိနေသည်ကို မသိရှိသေးခင် ပါးစပ် နှာခေါင်းစည်းတပ်၍ လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆက်ဆံခဲ့ရာ ရောဂါ မကူးစက်သည်ကို တွေ့ရသည်။

ထို့ကြောင့် ပါးစပ်နှာခေါင်းစည်းတပ်ရန်၊ လက်ဆေးရန်၊ ခပ်ဝေးဝေးနေရန် တွင်တွင်သတိပေးနေရသည်။ လူအများသည် အပြင်ထွက်လျှင် လက်ဆေး၊ ပါးစပ်နှာခေါင်းစည်း တပ်လေ့ရှိသော်လည်း နေထိုင်ရာ ဂေဟာ အတွင်းရောက်လျှင်မူ ယင်းဓလေ့များကို စွန့်လွှတ်တတ်ကြသည်။ အထူးသဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ မနေကြခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်သည်။ လက်ရှိကာလသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေဆဲကာလဖြစ်၍ အဆိုပါအချက်များကို အလေ့အထသဖွယ် ပြုလုပ်ရမည်ဖြစ်သည်။ မိမိကိုယ်ကိုယ် ဆန်းစစ်နေရမည်ဖြစ်သလို သူတစ်ပါး တို့အား (မိမိ မိတ်ဆွေ၊ အသိုင်းအဝိုင်း၊ ဆွေမျိုး၊ မိသားစုပါမကျန်) လေ့လာ အကဲခတ်နေရမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၌ မေလ ၈ ရက်နေ့တွင် စီးပွားရေး ပြန်လည်ဖွင့်လှစ်လိုက်သည်နှင့် ပြည်နယ် ၁၁ ခုတွင် ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး အသစ်ထပ်မံကူးစက်မှု အလွန်လျင်မြန်သည့်နှုန်းဖြင့် မြင့်တက်လာသည်မှာ သင်ခန်းစာယူဖွယ်ရာဖြစ်သည်။ လူမှုစီးပွားထိခိုက်မှုများသဖြင့် ကန့်သတ်မှု အမျိုးမျိုးကို မည်သည့်နိုင်ငံကမျှ ပြုလုပ်လိုခြင်းမရှိပေ။ မြန်မာနိုင်ငံ၌ နယ်မြို့များတွင် ကန့်သတ်မှုပိုသော်လည်း ရန်ကုန်မြို့၌ ပြည်သူများ၏ လူမှုစီးပွားကို ထောက်ထားသောအားဖြင့် အသိတရားဖြင့်လိုက်နာရန် နှိုးဆော်နေရသည်။ ။

သို့ဖြစ်ရာ ပြည်သူများ လူမှုစီးပွား မထိခိုက်စေရေး၊ ရောဂါကူးစက်မှု များ လျော့ကျရပ်တန့်ရေးအတွက် မြို့နေပြည်သူအားလုံးတို့အနေဖြင့် မဖြစ်မနေကိစ္စရှိမှ ပြင်ပသို့ထွက်ပါ၊ ပြင်ပသို့ထွက်လျှင် လက်ဆေးပါ၊ ပါးစပ် နှာခေါင်းစည်းဝတ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေပါ၊ အတူတူ နေထိုင်ကြသူအချင်းချင်း လေ့လာဆန်းစစ်သတိပြုပေးပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ