ဆိုးလ် ၁၂ မေ
တောင်ကိုရီးယားနှင့် ဂျာမနီနိုင်ငံတို့တွင် ကိုဗစ် -၁၉ ကူးစက်ခံရသူများ အသစ်ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ မေ ၉ ရက်က တောင်ကိုရီးယားရှိလူပေါင်းစုံလာရောက်လည်ပတ်သော နိုက်ကလပ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်းများပြန်လည်ဖွင့်လှစ်ပါက အာဏာပိုင်များ ရင်ဆိုင်ရမည့်စိန်ခေါ်မှုများကို မီးမောင်းထိုးပြလျက်ရှိသည်။
ဂျာမနီနှင့် တောင်ကိုရီးယားတို့သည် ပြည်သူများ၌ ကိုဗစ် -၁၉ ရှိ မရှိကို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးပေးနိုင်ခဲ့ပြီး လူအစုလိုက်သေဆုံးခြင်းကို ရှောင်ရှားနိုင်ခဲ့သည်။ သို့သော် အာဏာပိုင်များသည် လူ့အသက်များကယ်တင်ရေးနှင့် အလုပ်အကိုင်များပျောက်ပျက်မသွားအောင် ဆက်လက်ထိန်းသိမ်းနိုင်ရေးတို့ကြား ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရေး ရုန်းကန်နေရသည်။
တောင်ကိုရီယားနိုင်ငံတွင် ကူးစက်ခံရမှုများလျော့ကျ လာသည်နှင့်တစ်ပြိုင်နက် ကျောင်းများပြန်ဖွင့်ရန်နှင့် လူအချင်းချင်း ခပ်ခွာခွာနေရန် လမ်းညွှန်မှုများကို မေ ၆ ရက်က ဖြေလျှော့ပေးခဲ့သည်။
သို့သော် မေ ၉ ရက်က အီတေဝန် ရပ်ကွက်ရှိ နိုက်ကလပ်သို့ သွားရောက်သူနှင့်ဆက်စပ်ပြီး ကိုဗစ် -၁၉ ကူးစက်ခံရသူများ ပေါ်ပေါက်ခဲ့သည်။ ထို့နောက် ဆိုးလ်မြို့ ရှိနိုက်ကလပ်များ၊ ဒစ္စကိုအကခန်းနှင့် ဘာများ စုစုပေါင်း ၂၁၀၀ ကိုပိတ်ပစ်ခဲ့သည်။ အသက် ၂၉ နှစ်အရွယ်အမျိုးသား တစ်ဦးသည် ကိုဗစ် -၁၉ ရှိသည်ဟု စမ်းသပ်မတွေ့ရှိမီ အီဝန်ရှိ နိုက်ကလပ်သို့သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်မှတစ်ဆင့် ဆက်စပ်ကာ မေ ၁၁ ရက်အထိ လူပေါင်း ၈၆ ဦး ကူးစက်ခဲ့ရကြောင်း သိရသည်။
ဂျာမနီနိုင်ငံတွင်လည်း ပိတ်ဆို့ကန့်သတ်မှုများ ဖြေလျှော့ပြီးနောက် ကိုဗစ် - ၁၉ ကူးစက်ခံရသူ အရေအတွက် ပြန်လည်မြင့်တက်လာကြောင်း တရားဝင် အချက်အလက်များကဖော်ပြလျက်ရှိသည်။ ဗိုင်းရပ်စ်ပျံ့နှံ့ မှုနှုန်းကို အချိန်တိုအတွင်းတိတိကျကျ ခြေရာခံမလိုက်နိုင်သည့်အတွက် အချက်အလက်များပေါ်မူတည်၍ အတည် ပြု လူနာများ မည်မျှရှိလာမည်ကို ခန့်မှန်းရပြီး ယင်းကို တိုးပွားလာသည့်နှုန်းဟု သတ်မှတ်သည်။
ယင်းနှုန်းအရ ဂျာမနီနိုင်ငံ၏ တိုးပွားမှုသည် တစ်ဦး ထက်မကရှိနေသဖြင့် ရောဂါပျံ့နှံ့မှုနှုန်း ပြန်လည်မြင့်တက် လာနိုင်သည်ဟု ဖော်ပြလျက်ရှိသည်။
နောက်ထပ် သတင်းအချက်အလက်များအရ ကူးစက်ခံရမှု ပြန်လည်မြင့်တက်လာနိုင်သည်ဟု ဖော်ပြထားရာ ပိတ်ဆို့ကန့်သတ်မှုများ ဖြေလျှော့ပြီးနောက် နောက် တစ်ကြိမ် ကူးစက်မှု ပြန်လည်မြင့်တက်လာမည်ကို စိုးရိမ် နေကြလျက်ရှိသည်။
ကိုလုံးမြို့တွင် ပိတ်ဆို့ကန့်သတ်မှုများ ဖြေလျှော့အပြီး မတ် ၉ ရက်က လူစုလူဝေးဖြစ်နေကြသည်ကို တွေ့မြင်ရသည့်နောက် ဗိုင်းရပ်စ်ပြန်လည်ပျံ့နှံ့လာနိုင်ကြောင်း ကူးစက်ရောဂါပျံ့နှံ့ခြင်းဆိုင်ရာ ပါမောက္ခတစ်ဦး ဖြစ်သူ ကားလ်လိုက်တာဘတ်က သတိပေးခဲ့သည်။
ဆင်ဟွာ