ဝယ်လင်တန်    ၁၂   မေ

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်ခံရမှု ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုများ လုပ်ဆောင်ထားရာ စီးပွားရေးလုပ်ငန်းများပြန်လည်ဖွင့် လှစ်နိုင်ရေးအတွက် ကန့်သတ်မှုအဆင့်ကို လျှော့ချသွားမည်ဟု သိရသည်။

မေ ၁၃ ရက်ည ၁၁နာရီ ၅၉ မိနစ်မှ စတင်ကာ ကန့်သတ်သတိပေးမှု အဆင့်ကို အဆင့် ၃ မှ အဆင့် ၂ အထိလျှော့ချမည်ဟု နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်က မေ ၁၁ ရက်တွင် ကြေညာခဲ့သည်။

ဧပြီ ၂၇ ရက်ကလည်း အစိုးရ သည် ပိတ်ဆို့ကန့်သတ်မှု သတိပေးမှုအဆင့်ကို အဆင့် ၄ မှအဆင့် ၃ အထိလျှော့ချထားခဲ့သည်။ ယင်းသို့ လျှော့ချလိုက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းအချို့နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင် ခဲ့သည်။ မေ ၁၄ ရက်တွင် ဈေးဆိုင်များ၊ ဈေးဝယ်စင်တာများ၊ ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် ကစားကွင်းများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်သည်။ မေ ၁၈ ရက်တွင်ကျောင်းများ ပြန်ဖွင့်မည်ဖြစ်ပြီး ဘာများမှာမူ မေ ၂၁ ရက်မှ ပြန်ဖွင့်ခွင့်ရမည် ဖြစ်သည်။

လူအချင်းချင်း ခပ်ခွာခွာနေသည့် စနစ်ကို ကျင့်သုံးကာ လူများသည် နိုင်ငံအတွင်း ခရီးသွားလာမှု ပြန်လည် လုပ်ကိုင်လာနိုင်မည်ဖြစ်သည်။ လူအများစုဝေးကြသည့် လူမှုရေးပွဲများ၊ ဘာသာရေးပွဲများ၊ မင်္ဂလာဆောင်များ၊ နာရေးနှင့် စားသောက်ဆိုင်များ၊ ဘာများတွင် လူ ၁၀ ဦး ထက်ကျော်၍ စုဝေးခြင်းကိုမူ ခွင့်မပြုပေ။ နောက်ထပ်ကန့်သတ်မှုများ ဖြေလျှော့ခြင်း ပေးသင့်မသင့်ကို သီတင်းနှစ်ပတ်အတွင်း အစိုးရက ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။  မေ ၁၁ ရက်အထိ နယူးဇီလန်နိုင်ငံ တွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၁၄၇၉ ဦး ရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ