ဘားအံ   ၁၂   မေ

 

ကရင်ပြည်နယ် ဘားအံမြို့တွင် မေလ၁၁ရက်နေ့ ညနေ ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ၊ ဓါတ်မီးတိုင်များ ပြိုလဲခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြိုလဲခဲ့ရာ အမှတ်(၃)ရပ်ကွက်၊ ကျောက်တိုင်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ ယာယီဈေးအနီးရှိ အမြင့် ၁၅ ပေ၊လုံးပတ် ၃ ပေ ခန့်ရှိ စိန်ပန်းပင်သည် အမြစ်မှကျွတ်ထွက်လဲခဲ့ကြောင်း သိရသည်။

 

အလားတူ ဘားအံမြို့အမှတ် (၄)ရပ်ကွက်၊သီရိလမ်းရှိ အစိုးရအဖွဲ့ အိမ်ရာဝင်းအတွင်း   အိမ်ယာပတ်လမ်းဘေးရှိ အမြင့် ပေ ၃၀၊ လုံးပတ် ၂ ပေခန့်ရှိ ဗန်ဒါပင်သည် အမြစ်မှ ကျွတ်ထွက်လဲပြီး ဓာတ်ကြိုးပေါ်သို့ လဲကျခဲ့ရာ ဓါတ်မီးတိုင် (၂) တိုင် အောက်ခြေပြတ်၍လမ်းမပေါ်သို့လဲကျခဲ့ခြင်း၊ အမှတ် ၄ ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ခရေလမ်းထိပ်ရှိသက်တမ်းရင့် အမြင့် ပေ ၅၀၊ လုံးပတ် ၁၀ ပေ ပတ်လည်ခန့်ရှိ ညောင်ပင်ကြီးမှ အရှည်ပေ ၃၀၊ တစ်ပေ ပတ်လည်ခန့်ရှိ ညောင်ကိုင်းမှာ ကျိုးပြတ်၍ ဓာတ်ကြိုးပေါ်သို့ပိကျခဲ့ခြင်းဖြစ်ခဲ့ရာ လျှပ်စစ်ဌာနမှ ဓာတ်မီးတိုင်အသစ် ပြန်လည်စိုက်ထူးခြင်း၊ ပြန်လည် ပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁)ရပ်ကွက် ဈေးတန်းအရှေ့လမ်းဆုံရှိ ညောင်ကိုင်းကျိုးကျ လမ်းပိတ် ဆို့နေခဲ့ခြင်း၊ ဘားအံမြို့၊အမှတ်(၂)ရပ်ကွက် မြိုင်သဇင်ကျောင်းလမ်းနှင့် ရန်အောင်မြေလမ်းထောင့်ရှိ အမြင့်(၁၅)ပေ၊ လုံးပတ်(၂ )ပေခွဲရှိ သရက်ပင်၏ အမြင့်(၁၀)ပေခန့်မှ ကိုင်းကျိုးကျခဲ့ခြင်းများဖြစ်ခဲ့ရာ စည်ပင်သာယာရေး၊ ဆက်သွယ်ရေးနှင့် မီးသပ်တပ်ဖွဲ့တို့မှ ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)