လှိုင်းဘွဲ ၁၂ မေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ယမန့်နေ့ညနေ ၄ နာရီအချိန်ခန့်က မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ ပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဒိုင်းပြကျေးရွာအုပ်စုအတွင်းရှိ ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သစ်ကတိုးပင်နှင့် ပိန္နဲပင် လဲကျ၍ ဘုန်းတော်ကြီးကျောင်းသို့ သွယ်တန်းထားသော ဓာတ်တိုင်တစ်တိုင်း၊ မီးကြိုးပေ(၂၀)၊ ဒိုင်းပြကုန်းကျေးရွာ ဦးအောင်သိန်းဖေ၏ နေအိမ်ခြံအတွင်းရှိ သရက်ပင်သည် နေအိမ်ပေါ်သို့ လဲကျရာ (၈)ပေသွပ်(၂၀)ချပ်၊ (၃ ပေ ၁ လက်မ) ဒိုင်း(၁၀)ချောင်း၊ (၇ပေ ၁ လက်မ)ဒိုင်း(၁၂)ချောင်း၊ ကိုဧည့်သည် ကျေးရွာ ဦးကျော်တင်၏ နေအိမ်သည် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်အမိုး (၈ပေ)သွပ်(၃၀)ချပ်၊ ယက်မတ်သွပ်တန်း(၁၀)ချောင်း ပျက်ဆီးဆုံးရှုံးခဲ့ကြသည်။
အလားတူ ဒေါ်လန်းကျေးရွာ အနောက်ဘက်ပိုင်းတွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်သည့်အတွက် နေအိမ် အမိုးပေါ်သို့ ထန်းပင်လဲကျကာ နေအိမ်ပျက်စီးသွားခဲ့ပြီး နေထိုင်သူ ဦးစိုးဝေ(၃၃)နှစ်၏ ယာဘက်နံစောင်းတွင် အနည်းငယ်ထိခိုက် ဒဏ်ရာ (မစိုးရိမ်ရ)ရရှိ၍ ဒေါ်လန်းကျေးရွာ ကျေးလက် ကျန်းမာရေးဌာနသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း သိရှိရသည်။
အလားတူ ရွှေဂွန်းကျေးရွာအုပ်စု ရွှေစည်သာတိုးချဲ့ရပ်ကွက်တွင် ယနေ့ညနေ(၅)နာရီ (၅)မိနစ်အချိန်ခန့်က လေပြင်းတိုက်ခတ်သဖြင့် ဦးအောင်နိုင်ထူး(၂၆)နှစ်၏ နေအိမ် အလျား(၂၄)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၁၅)ပေ၊ သွပ်မိုးထရံကာ တစ်ထပ်အိမ်၊ အိမ်မကြီးနှင့် နောက်ဘေးမီးဖိုးချောင်ရှိ (၁၁)ပေသွပ် ၂၄ ချပ်၊ သွပ်တန်း (၁၅)ပေ(၈)ချောင်း ဆုံးရှုံးသွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


