ကော့မှူး ၁၂ မေ
မိုးဉီးကျရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ဖုန်း၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းကို မေ ၁၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့ ဘုရားလမ်းရပ်ကွက်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာန၊ ရပ်ကွက်တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းလူငယ်များ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ခြင်း၊ စဉ့်အိုးကွဲများ၊ ရေတိုင်ကီ အဟောင်းများ၊ ကားတာယာ အဟောင်းများနှင့် ပိုးလောက်လန်းများ ပေါက်ပွားနိုင်သည့် ရေဝပ်နိုင်သည့်နေရာများကို ရေအိုရေဟောင်းများ ရှင်းလင်းဖယ်ရှားခြင်း၊ ရေလှောင်ကန်၊ ရေစည်၊ ရေအိုးများအတွင်း အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
“သွေးလွန်တုပ်ကွေးရောဂါကို မဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်တဲ့အတွက် ရပ်ကွက်နေပြည်သူတွေထံအရောက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းတွေ ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ရပ်ကွက်နေပြည်သူများမှလည်း သွေးလွန်တုပ်ကွေးကာကွယ်ရေး လုပ်ငန်းတွေကို အားတက်သရော ပူးပေါင်းပါဝင်ကြသလို ကျန်းမာရေးဌာန၏ အကြံပြုချက်တွေကို အပြည့်အဝ လိုက်နာ ဆောင်ရွက်ကြတာ တွေ့ရပါတယ်” ဟု မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်မြတ်ပန်းဝတ်ရည်က ပြောကြားသည်။
မောင်အေးချမ်း(ပြန်/ဆက်)


