မြစ်သား ၁၂ မေ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ဘောင်ဖြင့်စိုက်ပျိုးထားသည့် နှမ်းဖြူများ ယခုနှစ်တွင် တစ်တင်းလျှင် ရှစ်သောင်းကျပ်ဝန်းကျင်ဖြင့် ဈေးကောင်းရရှိလျက်ရှိသဖြင့် နှမ်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်၊ ဉသျှစ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသည် ပန်းလောင်မြစ်မှ မြစ်ရေတင်ရေအသုံးပြုကာ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး နှမ်းစိုက်တောင်သူ များ နှမ်းဖြူကို ဘောင်ဖြင့် ဇန်နဝါရီလမှစတင်၍ မျိုးစေ့ချစိုက်ပျိုးခြင်းဖြစ်ကာ ၂ လခန့်အကြာ တွင် နှမ်းစိုက်ခင်းများ အပွင့်၊ အသီး စတင်ဖူးပွင့်ပြီး ၄ လခန့်အကြာတွင် စတင်ရိတ်သိမ်း၍ ရပြီဖြစ်ကြောင်း၊ ယခင်နှစ်တွင် နှမ်းဖြူတစ်တင်း ၅ သောင်းကျပ်ဝန်းကျင်ရရှိရာမှ ယခုနှစ် တွင် နှမ်းဖြူတစ်တင်း ၈၀ဝ၀ဝ ကျပ်ဝန်းကျင် ပေါက်ဈေးရ၍ ဘောင်ဖြင့်စိုက်ပျိုးသည့် နှမ်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း အုပ်သျှစ်ကုန်းကျေးရွာအုပ်စု၊ သမတန်းကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးအောင်ကိုက ပြောကြားသည်။
အဆိုပါ နှမ်းဖြူကို ကျဲပက်စိုက်ပျိုးပါက တစ်ဧကလျှင်(၂)ပြည် ကုန်ကျပြီး ဘောင်ဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့(၁)ပြည်နှင့် (၂)ဘူး သာကုန်ကျသောကြောင့် မျိုးစေ့ သက်သာပြီး အထွက်နှုန်းအနေဖြင့် ဘောင်ဖြင့်စိုက်ပျိုးသည့်နှမ်းမှာ အထွက်နှုန်းပိုမိုကောင်းမွန် ပြီး ရေသွင်းစိုက်ပျိုးရသည့်အတွက် မိုးစောင့်ရန်မလိုကြောင်းနှင့် တစ်ဧကအထွက်နှုန်းမှာ ၁၅ တင်းဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)


