မြစ်ကြီးနား ၁၂ မေ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အခြေခံ စားသောက်ကုန်ပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ရာ၌ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ အရာထမ်း၊ အမှုထမ်း(၁၀၁)ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန် ပစ္စည်းများကို ဝန်ထမ်းတစ်ဦးလျှင် ဆန်(၈)ပြည့် ဆီ(၅၀)ကျပ်သား၊ ကုလားပဲ(၅၀)ကျပ်သားစသည့်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဝန်ထမ်းများအတွက်တစ်ဦးလျှင် ဆန်(၈)ပြည်၊ အာလူး(၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာနှင့် ဆား(၅၀)ကျပ်သားစသည်တို့ကို သီးသန့်ပြန်လည် ထောက်ပံ့ပေးအပ်ခဲ့သည်။
အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းရန်နိုင်ထွန်းနှင့် ဝန်းထမ်းများ တက်ရောက်ခဲ့ကြသည်။
စိန်ဝင်း(ပြန်/ဆက်)


