ဟားခါး  ၁၂ မေ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးသူ အမျိုးသား ၄ ဦးအား မေလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်က  ဟားခါးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဖြိုးဝေဦးဆောင်သည့် တပ်ဖွဲ့ဝင်များ မြို့သစ်ရပ်ကွက်၊ ဂေါက်ကွင်းအတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာ အမျိုးသား ၂ ဦးကို တွေ့ရှိရသဖြင့် စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူသူ အမျိုးသား  ၄ ဦးကို သက်သေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ဟားခါးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဖြိုးဝေဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ဟားခါးမြို့ မြို့သစ်ရပ်ကွက် ဂေါက်ကွင်းအတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မြို့သစ်ရပ်ကွက်နေ တီမောသဲအား ရှေ့နောက်နံပါတ်ပြားမပါ၊ ရှေ့မီးသီးခေါင်းမပါ၊ စတေကာများကပ်ထားသည့် မရမ်းစေ့ရောင် FZ ဆိုင်ကယ်ဖြင့် လည်းကောင်း၊ ဖွန်ကွေ့ထန်အား ရှေ့နောက်နံပါတ်ပြားမပါ၊ ကာဘာများ ဖြုတ်ထားသည့် အနက်ရောင် FZ ဆိုင်ကယ်ဖြင့် လည်းကောင်း တွေ့ရှိခဲ့ပြီး သက်သေများရှေ့ စစ်ဆေးမေးမြန်းရာ ဆိုင်ကယ်(၂)စီးနှင့်ပတ်သက်၍ ၄င်းတို့(၂)ဦးမှာ ပိုင်ဆိုင်ကြောင်း လုံလောက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် ဆိုင်ကယ်များအား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး ရဲစခန်းပိုင် နယ်မြေအတွင်း တနေရာရာမှ ခိုးယူလာခြင်းဖြစ်ကြောင်း မသင်္ကာသဖြင့် အမှုဖွင့်တိုင်တန်းခဲ့ရာ ဟားခါးမြို့မရဲစခန်း က အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဟားခါးမြို့မရဲစခန်းမှူးတို့၏ အနီးကပ် ကြီးကြပ်ကွပ်ကဲ စစ်ဆေး ဖော်ထုတ်ချက်များအရ ၄င်းတို့နှင့်အတူ အခြားလူငယ်(၂)ဦးလည်း ဆိုင်ကယ်များ ခိုးယူခဲ့ရာတွင် ပါဝင်ခဲ့ကြောင်းနှင့် ခိုးယူရရှိခဲ့သော ဆိုင်ကယ်များအနက် ဆိုင်ကယ်ခိုးယူသူ တီမောသဲ၏နေအိမ်တွင် FZ ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ KENBO 125 ဆိုင်ကယ် အနက်ရောင်(၅)စီးအား လည်းကောင်း ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ သက်သေခံပစ္စည်း KENBO 125 ဆိုင်ကယ် အနက်ရောင် (၅)စီးအား လိုက်လံသိမ်းဆည်းခဲ့ပြီး ခိုးယူခဲ့ရာတွင်ပါဝင်သူ လူငယ်(၂)ဦးနှင့် အတူ ဆိုင်ကယ်ခိုးယူသူ စုစုပေါင်း အမျိုးသား ၄ ဦးအား ဖမ်းဆီး အမှုဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)