လွိုင်ကော်   ၁၂   မေ

 

ကယားပြည်နယ်အတွင်းရှိ ဘာသာရေးကျောင်းများ အသီးသီးမှ လိုအပ်ချက်များဖြည့်ဆည်းပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများက တင်ပြခဲ့မှုအပေါ် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ မေ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ပေါ်ရှိ ဘာသာရေးကျောင်းများသို့ သွားရောက်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းသို့ သွားရောက်ပြီး ဘုရားကျောင်းအသစ် ဆောက်လုပ်ခြင်းအတွက် အလှူငွေကျပ်သိန်း (၅၀) အားလည်းကောင်း၊ ထို့နောက် ဒေါဥခူရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းသို့ သွားရောက်ပြီး ကျောင်းဝန်းအတွင်း၌ ဘုရားကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း လုပ်ငန်းအတွက် ငွေကျပ်သိန်း (၅၀) အားလည်းကောင်း ပေးအပ် လှူဒါန်းခဲ့သည်။

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်းသို့ သွား ရောက်ပြီး ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ကျောင်းဝန်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ပြည်နယ် သံဃနာယက ကျောင်းဆောင်သစ်တွင် တည်ထားကိုးကွယ်မည့် စေတီတော်အတွက် ငွေကျပ်(၁၅)သိန်း၊ ထို့နောက် ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းအုတ်တံ တိုင်း ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်း (၂၀) တို့အား အသီးသီးပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

ထွန်းလေး (ပြန်/ဆက်)