မြိတ်    ၁၂    မေ    

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စုရွှေပေးကျေးရွာ ပုစွန်ကန်ရပ် မင်္ဂလာလမ်း၌  ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု (၂)စုအား မေ ၁၂ ရက် နံနက် ၁၁ နာရီက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို သွားရောက် ထောက်ပံ့ပေးခဲ့ကြသည်။

 

လေဘေးသင့် အိမ်ထောင်စုတစ်စုလျှင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ လေဘေးသင့် မိသားစု စုစုပေါင်း(၇)ဦးအတွက် ဆန်ဖိုး(၁၄၇၀၀)ကျပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက် ပစ္စည်း(၁၁)မျိုး၊ တစ်ကိုယ်ရေသုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးသုံးပစ္စည်း(၁)စုံ၊ သောက်ရေပုံးတစ်ပုံးနှင့် တာပေါ်လင် (၂)ပိုင်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

လေဘေးသင့် အိမ်ထောင်စု(၂)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို မြိတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများကို တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်း တို့က သွားရောက်ထောက်ပံ့ပေးခဲ့ ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)