မေ ၁၂

 

နိုင်ငံတော်အရန်ဆန် ဝယ်ယူ၊ စစ်ဆေး၊ လက်ခံ၊ သိုလှောင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ လဝက်အတွင်း တန်ချိန် ၆၃၀၀ ခန့်ကို ဝယ်ယူထားရှိပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

နိုင်ငံတော်၏ အရန်ရိက္ခာဆန် အစီအစဉ်အတွက် အရန်ဆန် ဝယ်ယူ၊ စစ်ဆေး၊ လက်ခံ၊ သိုလှောင်ခြင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က ဧပြီ ၃၀ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး မေ ၁၁ ရက်အထိ ပြည်ပတင်ပို့မည့် ကုမ္ပဏီ(၄၀)ခုထံမှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝယ်ယူလက်ခံထားရာ သိုလှောင်ရုံ()ခုတွင် တန်ချိန် ၆၃၀၀ ခန့်ရှိကြောင်း သိရသည်။

 

နိုင်ငံတော်၏ အရန်ရိက္ခာ အစီအစဉ်အောက်တွင် အရန်ဆန်ထားရှိရေးအတွက် ဆန်ပြည်ပတင်ပို့မှုနှင့် ဆက်စပ်ပြီး Exporter များအနေဖြင့် ပြည်ပတင်ပို့မှု၏ ၁၀% ပမာဏကို အရန်ဆန် (25% broken, well-milled & sorted grade) အဖြစ် သတ်မှတ်သိုလှောင်ရုံများတွင် ပေးသွင်းရမည်ဖြစ်ကာ တတိယအဖွဲ့အစည်းဖြစ်သော MITS မှ အရည်အသွေး၊ အရေအတွက်ကို စစ်ဆေးလက်ခံယူလျက်ရှိသည်။

 

ထိုသို့ လက်ခံယူရာတွင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုအတွက် ရန်ကုန်တိုင်းဒေသကြီးက အရန်ဆန် လက်ခံလျက်ရှိပြီး နယ်စပ်မှ တင်ပို့မှုအတွက် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက သိုလှောင်ထိန်းသိမ်းကြီးကြပ် လက်ခံလျက်ရှိသည်။

 

သို့ဖြစ်၍ ဆန်စပါးစျေးကွက်သည် ပြည်တွင်းဖူလုံမှု အပြည့်အဝရှိသည့်အပြင် လိုအပ်ပါက ရိက္ခာဖြန့်ဖြူးရေးအတွက် အရန်ဆန် ထားရှိရေးကိုပါ စီစဉ်ဆောင်ရွက်ထားသဖြင့် လုံလောက်ဖူလုံမှုရှိကြောင်း၊ ပြည်ပတင်ပို့မှုကိုလည်း ၂၀၂၀ မေလမှ စတင်၍ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကာ လက်ရှိဘဏ္ဍာနှစ်တွင် တန်ချိန် ()သန်းကျော် တင်ပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

လက်ရှိ  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်း/ပြည်ပ စျေးကွက်အခြေအနေနှင့် Covid-19 အခြေအနေတို့ပေါ်တွင် မူတည်၍ ပြည်ပတင်ပို့မှုကို နိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းတင်ပြ အကြံပြုဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလောအခြေအနေတွင် နွေစပါးပေါ်ချိန်ဖြစ်၍ တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော စျေးနှုန်းဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သကဲ့သို့ စားသုံးသူ ပြည်သူများအတွက် Covid-19 ကာလတွင် ဆန်စျေး သင့်တင့်မျှတစေရန် အသင်းချုပ်၊ ညီနောင်အသင်းများနှင့် ကုန်စည်ဒိုင်များ၊ ဆန်စပါးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ဆန်စားသုံးမှုတွင် ပြည်တွင်းစျေးကွက်သည် ထုတ်လုပ်မှု၏ ၇၀% ကျော်ဖြစ်ပြီး ပြည်ပတင်ပို့မှုသည် ထုတ်လုပ်မှု၏ ၂၀% ကျော်ဖြစ်သဖြင့် ပြည်တွင်း/ပြည်ပ စျေးကွက်နှစ်ခုစလုံးအတွက် ချင့်ချိန်သုံးသပ် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

လက်ရှိ ဆန်ပြည်ပတင်ပို့မှုအနေဖြင့် ယခု မေလတွင် တန်ချိန် (၁၅၀၀၀၀) (+/-၁၀%) ခန့်ကို ပင်လယ်ရေကြောင်းမှ တန် (၁၀၀,၀၀၀) (+/-၁၀%) နှင့် နယ်စပ်မှ တန် (၅၀၀၀၀) (+/-၁၀%) တင်ပို့ရန်အတွက် စီးပွား/ကူးသန်း ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်းသတ်မှတ်ထားပြီး အာဆီယံ နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများအား G to G ညှိနှိုင်းရောင်းချရန်ကိုလည်း ဆွေးနွေးစီစဉ်လျက်ရှိသည်။

 

ငြိမ်းငြိမ်း