နေပြည်တော် ၁၂ မေ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားစဉ်ကာလအတွင်း Online စနစ်ဖြင့် လူ့စွမ်းအား ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိသော လူဇင်ဘတ် ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ၏ စီမံကိန်း MYA/001 လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမမှ Video Conferencing ဖြင့် ပြုလုပ်သည်။

 

အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ၊ လူဇင်ဘတ် ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ၏ စီမံကိန်း MYA/001 မှ တာဝန်ရှိသူများက Video Conferencing ဖြင့် Online မှ ပါဝင်တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ် ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို အဆင့်မြင့်မွမ်းမံပြင်ဆင်ရေး ကိစ္စရပ်များ၊ ၎င်းဌာနတွင် ကိုဗစ်-၁၉ ကာလအတွင်း Online မှတစ်ဆင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများကို သင်ကြားပို့ချနိုင်ရေး၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရှိ ရုံးများတွင် Language Labs များ ဖွင့်လှစ်နိုင်ရန်အတွက် စီမံကိန်းမှထောက်ပံ့ပေးနိုင်ရေး၊ ပြည်ပမှ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းများကို ပြည်တွင်းရှိ ဧည့်လမ်းညွှန်များသို့ Online မှတစ်ဆင့် သင်ခန်းစာများ သင်ကြားခွင့်ရရှိရေး၊ ကိုဗစ်-၁၉ အလွန်ကာလ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ လျင်လျင်မြန်မြန် ပြန်လည်ဖွံ့ဖြိုးလာရေးနှင့် ဘေးအန္တရာယ် ကျရောက်ပါက ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် COVID-19  Myanmar MSME Tourism Survey ကောက်ယူ၍ Crisis Management / Resilience Training Course ကို Online မှ ပို့ချပေးရေးတို့ကို  ဆွေးနွေးညှိနှိုင်းသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက စီမံကိန်းမှ COVID-19 Myanmar Tourism Survey ကောက်ယူထားမှုအခြေအနေများ၊ Online ecotourism course အတွက် အရည်အချင်းသတ်မှတ်ရေးနှင့် Language Labs အတွက် နည်းပညာနှင့် အခြေခံလိုအပ်ချက်များနှင့် Myanmar Tourism COVID-19 Relief Strategy Roadmap နှင့် Myanmar Tourism Master Plan ချိတ်ဆက် ဆောင်ရွက်နိုင်ရေးကိစ္စများကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် လူဇင်ဘတ် ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ တာဝန်ရှိသူများက စီမံကိန်း MYA/001 အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ အလွန်တွင် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Online မှတစ်ဆင့် သင်တန်းများဖွင့်လှစ် သင်ကြားရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်