ရန်ကုန် ၁၂ မေ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေး” ကို ကျင်းပသည်။
ယနေ့ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် နိုင်ဗညားလယ် ဦးဆောင်၍ ဗဟိုကော်မတီဝင်များ တက်ရောက်ဆွေးနွေးသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင်အမှာစကားပြောကြားပြီး မေ(၈) ရက်က NCA-S EAO (၁၀) ဖွဲ့နှင့် ဆွေးနွေးခဲ့သည့် သဘောတူညီချက် (၇) ချက်ကို အခြေခံ၍ NMSP နှင့် ဆက်လက်ဆွေးနွေးကြသည်။
ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ ဒီနေ့ဆွေးနွေးမှုထဲမှာ ပိုပြီးတော့ ထူးခြားတဲ့ အရာတွေကတော့ မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ သူတို့ရဲ့ ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် စစ်ဆေးတဲ့စခန်း (Screen Point) (၁၈) ခု ရှိတယ်လို့ သိရတယ်။ အဲ့ဒီ (၁၈) ခုကနေပြီးတော့ ကိုဗစ်-၁၉ ကို ကာကွယ်တားဆီးဖို့အတွက် ဝိုင်းဝန်းကာကွယ် တာဆီးမယ့်ကိစ္စကို ရှင်းပြတယ်။ ပြီးတော့မှ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မဲ့ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ခဲ့တယ်။ ဒီနေရာမှာ သူတို့ရှင်းပြတာကို ပိုပြီးသိရတာက အဲ့ဒီနေရာတွေမှာလည်း တပ်မတော်နဲ့ ဆက်စပ်နီးစပ်တဲ့နေရာတွေမှာ မွန်အမျိုးသား ဝတ်စုံဝတ်ပြီး ဆောင်ရွက်တယ်လို့ ရှင်းပြပါတယ်။ နောက်ထပ် ထူးခြားတာကတော့ ကိုဗစ်-၁၉ ကာလနဲ့ အဲ့ဒီကာလ အလွန်မှာ လူမှုစီးပွားအတွက် ရိုက်ခတ်လာမဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖြစ်ပါတယ်။ ဒီနေ့မှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်တွေကိုပါ ဆွေးနွေးဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ဆွေးနွေးမှုပါ။ ဒီနေ့ ဆွေးနွေးပွဲမှာ နှစ်ဖက်စလုံး တော်တော်လေး ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးနိုင်ခဲ့ပါတယ်” ဟုပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် မေလတတိယပတ်တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ပြန်လည်တွေ့ဆုံ၍ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် အသေးစိတ်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။
မွန်ပြည်သစ်ပါတီ (NMSP) နှင့် ဆက်လက်ဆွေးနွေးသွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဦးလှမောင်ရွှေက “ဒီနေ့ဆွေးနွေးထားတာကိုတော့ မွန်ပြည်သစ်ပါတီ (NMSP) ထဲမှာလည်း ပြန်လည်စဉ်းစားတာရှိမယ်။ နောက်တစ်ပတ်ထဲမှာတော့ လုပ်ငန်းစဉ်တွေကို အသေးစိတ် ဆွေးနွေးတာတို့၊ ညှိနှိုင်းတာတို့ ရှိမယ်။ သူတို့ရှင်းပြတဲ့အထဲမှာ မွန်ပြည်နယ် အစိုးရဘက်က မြဝတီ ဂိတ်တစ်ခုပဲ တရားဝင်ဖွင့်ထားတာရှိတဲ့အတွက် တကယ်လို့ အကြောင်းကြောင်းကြောင့် သူတို့ဆီ ရောက်လာခဲ့ရင် စာရင်းဇယားကိစ္စ၊ သံသယ လူနာကိစ္စ၊ အဲ့ဒီကနေ Positive လူနာကိစ္စတွေအထိ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ အပြုသဘောဆောင်ပြီး ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ လိုအပ်တဲ့ အကူအညီတွေ တောင်းဆိုတာရှိပေမဲ့ ကော်မတီဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့က သူတို့ဆောင်ရွက်ပေးနိုင်တာတွေ အကြမ်းဖျင်းရှင်းပြတယ်။ အကူပေးတဲ့ ကိစ္စတွေကတော့ လာမယ့်အပတ်ထဲမှာ စနိုင်ဖို့တော့ရှိမယ်” ဟုဖြေကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၈) ဖွဲ့ရှိသည့်အနက် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသို့ တိုက်ရိုက်ဆက်သွယ်လာသည့် အဖွဲ့အစည်း(၁၅)ဖွဲ့ရှိပြီ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် မေ ၁၄ ရက်တွင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့်လည်းကောင်း၊ မေ(၁၅)ရက်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့်လည်းကောင်း “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေး”ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်


