နေပြည်တော် ၁၂ မေ

 

အရန်ရိက္ခာ စားအုန်းဆီတန်ချိန် (၁၂၀၀၀)ဝယ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အမှာစကားပြောကြားရာတွင် အရေးပေါ်ရိက္ခာ ဆန်တန်ချိန် (၅၀၀၀၀) နှင့် စားအုန်းဆီတန်ချိန် (၁၂၀၀၀) တို့အား လိုအပ်သည့်အချိန်တွင် ဖြန့်ချိနိုင်ရေးအတွက် အရေးပေါ်ရိက္ခာဝယ်ယူခြင်း ဖြစ်ပါကြောင်း၊ စားအုန်းဆီတန်ချိန် (၁၂၀၀၀) ဝယ်ယူရေးအတွက် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ စားအုန်းဆီသိုလှောင်ရန်  နိုင်ငံတော်အနေဖြင့် ဆီသိုလှောင်ကန်များ မရှိသည့်အတွက် Jerry Can နှင့် ဝယ်ယူသိုလှောင်ထားရှိရန် စီစဉ်ရခြင်းဖြစ်ပါကြောင်း၊ ဝယ်ယူထားသည့် စားအုန်းဆီများအား Coronavirus Disease 19 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ 

 

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် အကြိမ်ကြိမ် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ပါကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်ရေး၊ အရန်ရိက္ခာ ဝယ်ယူရေးကိစ္စများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရက ရိက္ခာဖြန့်ဝေပေးသည့်ကိစ္စများတွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ်ရိက္ခာများတွင် အရေးကြီးသည့် ဆန်နှင့်ဆီဝယ်ယူရန် ဆောင်ရွက်နေပါကြောင်း၊ တစ်နိုင်ငံလုံး၏ ရက်သတ္တ () ပတ်ခန့်စာ ရိက္ခာဆန် တန်ချိန် (၅၀၀၀၀) နှင့် ဆီတန်ချိန် (၁၂၀၀၀) ဝယ်ယူရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ အရန်ဆန် ဝယ်ယူရာတွင် ဈေးကွက်တည်ငြိမ်စေရန်အတွက် ပြည်ပဆန်တင်ပို့မှု ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို ပြည်ပတင်ပို့သည့် ကုမ္ပဏီများထံမှ ဝယ်ယူခဲ့ပြီးအရန် စားသုံးဆီကို ဈေးနှုန်းသင့်တင့်သည့် စားအုန်းဆီဝယ်ယူရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ စားအုန်းဆီမှာ ပြည်ပမှတင်သွင်းခြင်းဖြစ်သလို ပြည်တွင်း၌လည်း ဆီကန်လုံလောက်မှုမရှိခြင်းကြောင့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် လိုအပ်ချက်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်