မြိတ် ၁၂ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးဖမ်းရာသီရပ်နားချိန် ပြန်လည်ရောက်ရှိလာမည့် တိုင်းဒေသကြီးပြင်ပ ပြည်တွင်းငါးဖမ်းကွက်များတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသော နေရပ်ပြန် ရေလုပ်သားများနှင့် ကျွန်းစုမြို့နယ်အတွင်းသို့ နေရပ်ပြန်များအား မြိတ်မြို့တွင်ခေတ္တနားမည့် Quarantine စခန်းနေရာကို မြိတ်မြို့တွင် ကြိုတင်ပြင်ဆင်လျက်ရှိသည်။
ငါးဖမ်းရာသီရပ်နားချိန် ပြန်လည်ရောက်ရှိလာမည့် တိုင်းဒေသကြီးပြင်ပ ပြည်တွင်းငါးဖမ်းကွက်များတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသော နေရပ်ပြန်ရေလုပ်သားများအား အ.ထ.က(၅)ကျောင်းတွင် Quarantine ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျွန်းစုမြို့နယ်သို့ ပြန်လာကြမည့် နေရပ်ပြန်များ မြိတ်မြို့တွင် ခေတ္တနားရန် သံဃာ့ဆေးရုံ၌ Quarantine စခန်း ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင် Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
“ကျွန်းစုနေရပ်ပြန်များမှ လေကြောင်းလိုင်း၊ ကားလိုင်းတို့ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာကြရာ နေရပ်ပြန်တစ်ဦးလာလျှင် တစ်ခေါက်သွားပို့နေရတော့ ကုန်ကျစရိတ်များနှင့် ဒီလူတွေရဲ့ ဓာတ်ခွဲနမူနာပို့ဖို့ Speed Boat ဖိုး၊ ဆီဖိုးရှိပြီး စရိတ်တွေများနေတော့ ဒီလူတွေစုပြီးမှ လမ်းကြောင်းတူများကို တစ်ခေါက်ပို့ဆောင်ပေးမှာဖြစ်တယ်။ ဓာတ်ခွဲနမူနာယူရမယ့်သူဆိုရင်လည်း ဓာတ်ခွဲနမူနာရယူပြီးမှ ပို့ဆောင်မှာဖြစ်တယ်။ အဓိက ကုန်ကျစရိတ်သက်သာအောင် သံဃာ့ဆေးရုံ Quarantine စခန်းမှာ ခေတ္တထားမှာပါ” ဟု ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဉက္ကာမင်းက ပြောသည်။
နေရပ်ပြန် ပြည်တွင်းငါးဖမ်းရေလုပ်သားများနှင့် ကျွန်းစုမြို့နယ်သို့ နေရပ်ပြန်များအတွက် Quarantine ထားရန် သံဃဆေးရုံနှင့် အ.ထ.က(၅)နောက်လယ်ကျောင်းတို့ကို Quarantine စခန်းနေရာအဖြစ် ဆောင်ရွက်ရန် မေ ၁၂ ရက် မွန်းလွဲ ၂ နာရီက ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉက္ကာမင်းနှင့် ခရိုင် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါ်လွင်လွင်မွန်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုခဲ့ကြပြီး Quarantine စခန်းကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
Quarantine စခန်းအဖြစ် သံဃာ့ဆေးရုံတွင် နေရပ်ပြန်(၄၀)ဦးထားရှိ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အ.ထ.က(၅)နောက်လယ်ကျောင်း (၁၃၀)ပေ၊ (၃၀)ပေ နှစ်ထပ်စာသင်ဆောင်နှင့် (၁၂၀)ပေ၊ (၃၀)ပေ နှစ်ထပ်စာသင်ဆောင် နှစ်ဆောင်တို့တွင် နေရပ်ပြန်(၁၀၀)ဦး ထားရှိနိုင်မည်ဖြစ်ကာ အဆိုပါနေရာများတွင် Quarantine စခန်းဖွင့်လှစ်ရန် သန့်ရှင်းရေးလုပ်ငန်း၊ ပိုးသတ်ဆေးဖျန်းလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့နယ်အနေဖြင့် နေရပ်ပြန်များအတွက် Quarantine စခန်း ဖွင့်လှစ်ရန်နေရာ (၃၅)ခုနှင့် စခန်းများတွင် ဝင်ဆံ့သည့်ဦးရေ ၁၁၄၆ ဦး လျာထားကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေ၊ မီး၊ မိလ္လာ ပြည့်စုံမှုရှိစေရန် Quarantine စခန်းများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


