ပုသိမ် ၁၂ မေ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နိုင်ငံခြားတွင် အလုပ်သွားရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၊ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဂိတ်အသီးသီးမှ ဝင်ရောက်လျက်ရှိရာ ပြန်လည်ဝင်ရောက်လာကြသူများကို စနစ်တကျ လက်ခံဆောင်ရွက်ပြီး ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း သိရသည်။
ယခုအခါ မလေးရှားနိုင်ငံမှ ပြန်လာသောအဖွဲ့သည် မလေးရှားမှလေယာဉ်ဖြင့် ရန်ကုန်သို့လည်းကောင်း၊ ရန်ကုန်မှ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာကြရာ ပုသိမ်မြို့သို့ မေ ၁၂ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင် ရောက်ရှိလာပြီး ပြန်လည်ရောက်ရှိလာကြသူများကို တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းခြင်း၊ မှတ်တမ်းတင်ခြင်များ ဆောင်ရွက်ပေးကြသည်။
ယနေ့ မလေးရှားမှ ပြန်လာကြသူများတွင် ပုသိမ်မြို့မှ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၈ ဦးသည် ပုသိမ်တက္ကသိုလ် တေဇဆောင်တွင် Facility Quarantine ၂၁ ရက် ဝင်ရောက်ကြရမှာဖြစ်ပြီး ကျန်းမာရေးဦးစီးဌာန ပုသိမ်ခရိုင်တာဝန်ခံ ဒေါက်တာမြတ်မင်းထွန်း ဦးဆောင်၍ ကျန်မာရေးဝန်ထမ်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ Volunteer Team (pathein)၊ ကြက်ခြေနီအဖွဲ့တို့က လိုအပ်သော ကူညီမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားမှာဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ- မောင်မောင်မြင့်(ပြန်/ဆက်)


