နေပြည်တော် ၁၂ မေ
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံတွင် အမှန်တကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၆၇)ဉီးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines -MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ မေ ၁၂ ရက် ည ၆ နာရီ မိနစ် ၅၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြားသတ်မှတ်ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်များ၌ (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသံရုံး၊ ဗန်ကောက်မြို့နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့နေကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသော မြန်မာနိုင်ငံသား (၁၃၅)ဦးအား ပထမအသုတ်အဖြစ် မေ ၆ ရက်တွင် ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ရာ ဒုတိယအသုတ်အဖြစ် ပြန်လည်ရောက်ရှိလာသူများ အပါအဝင် စုစုပေါင်း (၂၀၂)ဦးအား ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
သတင်းစဉ်


