နေပြည်တော် ၁၂ မေ
နှစ် (၂၀၀) ပြည့် ဖလော့ရင့်နိုက်တင်ဂေးလ်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၀ ပြည့်နှစ်ကို အပြည်ပြည်ဆိုင်ရာ သူနာပြုနှင့် သားဖွားဆရာမများ၏နှစ်အဖြစ် သတ်မှတ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် Video Conferencing ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း နေထိုင်ကြသည့် ပြည်သူတစ်ရပ်လုံးအား ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှုပေးနိုင်ရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ICN နှင့် Nursing Now အဖွဲ့တို့မှ ပထမဆုံးသော “State of World’s Nursing Report 2020” ကို ဧပြီ (၇) ရက်တွင် ထုတ်ဝေခဲ့ပါကြောင်း၊ ယနေ့ ပြုလုပ်သော အခမ်းအနားသည် အဆိုပါ “State of World’s Nursing Report 2020” ကို စတင် အသိပေးသည့် အခမ်းအနားပင်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း “State of World’s Nursing Report 2020” ဖြစ်မြောက်ရေးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှု၊ National Health Workforce Account Focal များ၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းမှုဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။
Nursing Now Myanmar လှုပ်ရှားမှုများကို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်သော်လည်း သူနာပြုများ၊ သားဖွားဆရာမများသည် အခြားကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပြည်သူလူထုကို ပြုစုစောင့်ရှောက်မှုပေးရင်း “Year of Nurses and Midwives” ကို မှတ်တမ်းဝင် နှစ်တစ်နှစ်အဖြစ် ဆင်နွဲနေကြသည်ဟု ဆိုချင်ပါကြောင်း၊ ဤ Report မှာပါသည့် အကြောင်းအရာများကိုလည်း ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည့်အတွက် ကမ္ဘာနှင့်မြန်မာနိုင်ငံရှိ သူနာပြုနှင့်သားဖွားဆရာမများ၏ အခြေအနေအရပ်ရပ်ကို သိရှိသုံးသပ်ပြီး မူဝါဒချမှတ်ရေးဆွဲနိုင်ခြင်း၊ သူနာပြုနှင့်သားဖွားဆရာမများ၏ အရေးကြီးသည့် အခန်းကဏ္ဍကို ပိုမိုသိရှိပြီး ဂုဏ်ယူကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထိုနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan paul Jost တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ “State of World’s Nursing Report 2020” မှ အကြောင်းအရာများအား သက်ဆိုင်ရာ တာဝန်ရှိသူများက တင်ပြကြရာ Video Conferencing ဖြင့် ဝိုင်းဝန်းဆွေးနွေးကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ သူနာပြုတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ပုဂ္ဂလိကဆေးရုံများမှ သူနာပြုအရာရှိများ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


