နေပြည်တော် ၁၂ မေ
ကမ္ဘာ့ဘဏ် (World Bank) မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်အထိ ဘဏ္ဍာငွေရရှိသုံးစွဲခဲ့မှုအခြေအနေ လေ့လာဆန်းစစ်ခဲ့မှု တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အစိုးရနှင့် အခြားအဖွဲ့အစည်းများမှ ထောက်ပံ့သည့်ရန်ပုံငွေနှင့် ရယူထားသည့် ချေးငွေများ စီမံခန့်ခွဲရာတွင် အကျိုးရှိထိရောက်စွာ အသုံးချမှု၊ ဘဏ္ဍာငွေအား လိုအပ်သည့်နေရာ၊ လိုအပ်သည့် ကဏ္ဍအတွက် ကျိုးကြောင်းဆီလျော်စွာ အချိန်နှင့်တစ်ပြေးညီ ခွဲဝေချထားမှုတို့သည် ဘဏ္ဍာငွေရရှိမှုပမာဏ အတိုင်းအတာထက်ပင် ပိုမိုအရေးကြီးပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ခိုင်မာတိကျသော သတင်းအချက်အလက်နှင့် စာရင်းဇယားများ လိုအပ်သဖြင့် ကျန်းမာရေးသတင်းအချက် အလက်စနစ်ကောင်းရရှိရန် လိုအပ်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက် (၆၈)ခု၏ သတင်းအချက်အလက်စနစ်များ ပိုမိုကောင်းမွန်စေရေးနှင့် ပြည်စုံစေရေးအတွက် ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ရန် ညွှန်ကြားထားရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ စာရင်းဇယားများ၊ သတင်းအချက်အလက်များကို စာရွက်စာတမ်းများဖြင့် ပေးပို့ခြင်းစနစ်မှ ဒစ်ဂျစ်တယ်နည်းပညာသုံး သတင်းအချက်အလက် စနစ်ဖြင့် ဆောင်ရွက်ရန် လုပ်ငန်းများ အဆင့်လိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ ဖြန့်ဝေထားသည် Mobile Tablet များကို အထူးဦးစားပေး အသုံးပြု၍ ရောဂါဖြစ်ပွားမှုများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့အစည်းအဝေးတွင် ကမ္ဘာ့ဘဏ်မှ တင်ပြချက်များနှင့် အကြံပြုချက်များကို ဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထားစဉ်းစားကာလာမည့် ဘဏ္ဍာနှစ်လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတွင် ဘဏ္ဍာငွေအသုံးချမှုဆိုင်ရာ စောင့်ကြည့်ဆန်းစစ်မှုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်မှ ပညာရှင်များ ပူးပေါင်းပါဝင်စေလိုပါကြောင်း၊ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေစီမံခန့်ခွဲမှုစနစ်နှင့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှုစနစ်တို့ အားကောင်းခိုင်မာစေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကမ္ဘာ့ဘဏ်မှ ပူးပေါင်းပါဝင်စေလိုပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းအမျိုးအစား၊ ကဏ္ဍ၊ စီမံချက်အမျိုးအစားအလိုက် ဘဏ္ဍာငွေရရှိသည့် အရင်းအမြစ်နေရာ၊ သုံးစွဲမှုတို့အား လေ့လာဆန်းစစ်မှု (Resource flow analysis) များ အမြန်ဆုံးပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းကာအရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆန်းစစ်မှုများကို အခြေခံ၍ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေစီမံခန့်ခွဲမှု၊ သုံးစွဲမှုများ အကျိုးရှိထိရောက်စေရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ဘဏ်မှ Health Financing Consultant Mr. Tom Traill က ဝန်ကြီးဌာန၏ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်အထိ သာမာန်ရန်ပုံငွေ၊ ငွေလုံးငွေရင်းရန်ပုံငွေ၊ ဆေးဝါးအသုံးစရိတ်နှင့် စုစုပေါင်းဘဏ္ဍာရန်ပုံငွေ ရရှိမှုနှင့်သုံးစွဲမှု အခြေအနေ လေ့လာဆန်းစစ် တွေ့ရှိချက်နှင့် အကြံပြုချက်များကို အသေးစိတ် တင်ပြဆွေးနွေးသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက လေ့လာဆန်းစစ် တွေ့ရှိချက်များအပေါ် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ရန်ပုံငွေများကို လျာထားသုံးစွဲမှု၊ လေ့လာဆန်းစစ်မှုများပြုလုပ်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပြင်ပအထောက်အပံ့များကို သီးခြားစီ ဆန်းစစ်ရန်၊ အလှူရှင်များထံမှ ရန်ပုံငွေနှင့် ပြင်ပအထောက်အပံ့များ အချိန်မီမရရှိမှု၊ ဝန်ကြီးဌာနနှင့် အလှူရှင်အဖွဲ့အစည်းများ ဘဏ္ဍာရေးနှစ်သတ်မှတ်ပုံ ကွဲပြားမှု၊ ဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လက်ထောက်စာရင်းကိုင်များ ခန့်အပ်သွားမည့်ကိစ္စ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အခြားအထွေထွေ ဆွေးနွေးမှုများ ဆောင်ရွက်သည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မိခင်၊ ကျောင်းကျန်းမာရေး၊ ကလေး၊ အာဟာရ) ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး၊ ကုသရေးဦးစီးဌာန) ဦးဝင်းဦး၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန) ဒေါက်တာခိုင်ခိုင်ကြည်၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး၊ ဝန်ကြီးရုံး) ဒေါ်ခင်လေးညိုနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ Human Development Program Coordinator ဒေါ်နှင်းနှင်းပိုင်၊ Senior Health Specialist ဒေါက်တာနန်းမိုခမ်းနှင့် Senior Health Specialist Ms. Tomo Morimoto တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


