ပုသိမ် ၁၂ မေ
ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆန်စက်ပိုင်ရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စပါးခွံမြေဆွေးပုံများ ပြုလုပ်ကာ တောင်သူလယ်သမားများသို့ ပြန်လည်အသုံးပြုစေလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါး စိုက်ဧက (၃၇.၅) ဧကသိန်းကျော်ရှိပြီး မိုးစပါးနှင့် နွေစပါးကို အဓိကစိုက်ပျိုးလျက်ရှိရာ ဆန်စက်များမှ နှစ်စဉ်စပါးခွံတန်ချိန် (၁၇)သိန်းခန့်ထွက်ရှိရာ စက်ရုံ/ အလုပ်ရုံများတွင် လောင်စာအဖြစ်အသုံးပြုခြင်း၊ အုတ်ဖုတ်ခြင်း လုပ်ငန်းများတွင် ရာခိုင်နှုန်းငယ်သာ အသုံးပြုလျက်ရှိကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက မိမိတို့အနေဖြင့် မြို့နယ်များရောက်ရှိသည့်အခါတိုင်း တောင်သူလယ်သမားများအား တွေ့ဆုံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုလျက်ရှိကြောင်း၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် ကန်ကြီးထောင့်မြို့နယ် တို့သည် အများဆုံးပြုလုပ် သုံးစွဲလျက်ရှိကြောင်း ပြောသည်။
တိုင်းဒေသကြီး စိုက်ပျိုးရေးမန်နေဂျာ ဦးမျိုးဇော်က စပါးခွံမြေဆွေးကို မြေဆီလွှာပြုပြင်ရေးအတွက်၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် စမ်းသပ်ကွက်၊ စံပြကွက် စုစုပေါင်း (၃၇၀၀) ဧက ကျော်ဆောင်ရွက်ကာ တောင်သူများကို ပညာပေးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်တွင် မိုးစပါးအထွက် တစ်ဧကလျှင် (၅၀) အိတ်နှုန်းဖြင့် မြေခံအဖြစ် ထည့်သွင်းခြင်း၊ ပင်ပွားစုံချိန်နှင့် မှို့ကပ်ချိန်များတွင် ယူရီးယားဓါတ်မြေသြဇာ (3:1) နှုန်းဖြင့်ရောစပ်ပြီး တစ်ညအိပ်ထားရှိ၍ ကြဲပက်ခြင်းဖြင့် ယူရီးယားမြေသြဇာ ကုန်ကျစရိတ် သက်သာကာ မြေဆီလွှာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ ထည့်သွင်းလိုက်သည့် ဓါတ်မြေသြဇာများတွင် ပါဝင်သော အာဟာရ ဆုံးရှုံးမှုမရှိခြင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံအရည်အသွေး မြင့်မားလာမည် ဖြစ်ကြောင်း ပြောသည်။
ကိုတွတ်(ပြန်/ဆက်)


