နေပြည်တော် ၁၂ မေ

 

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို သီးခြားဖိတ်ကြားထားသည့် ရန်ကုန်မြို့အခြေစိုက် သံတမန်များအား ရှင်းလင်းပြောကြားခြင်းကို ယနေ့မွန်းလွဲ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Center-NRPC) ကျင်းပပြုလုပ်ခဲ့ပါသည်။

 

ရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့က ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ အာဆီယံနိုင်ငံများ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ တီမောလက်စ်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ ဂျာမနီနိုင်ငံနှင့် အီးယူဆိုင်ရာ သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးတို့ တက်ရောက်ခဲ့သည်။

 

ရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေက COVID-19 ကပ်ရောဂါ တားဆီးကာကွယ်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှုများ လျော့ကျစေရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် EAOs များနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းနေမှု၊ ငြိမ်းချမ်းရေးရရှိရေးအတွက် အေအေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအားလုံးနှင့် NCA လက်မှတ်ရေးထိုးရန် ကြိုးပမ်းခဲ့မှု၊ အေအေနှင့် အာဆာအဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များအခြေအနေ၊ အေအေမှ ရခိုင်ပြည်နယ်တွင် အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင် လုပ်ဆောင်နေမှု၊ IDP များအတွက် လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်ပေးရန် ဆောင်ရွက်ပေးနေမှု၊ COVID-19 ကပ်ရောဂါ ကာလအတွင်း တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကြေညာခဲ့သည့်ကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရအနေဖြင့် ပြည်သူများ၏ အားကိုစုစည်းပြီး၊ IDP များ၊ အကျဉ်းထောင်များ၊ မသန်စွမ်းများ အပါအဝင် တစ်နိုင်ငံလုံးရှိ အသိုက်အဝန်းအားလုံးအတွက် မည်သူ့ကိုမှ ချန်လှပ်မထားသည့် (Leaving no one behind) မူဝါဒအရ အစိုးရမှ ဆောင်ရွက်ပေးနေသည့် ကိစ္စများ၊ နေရပ်စွန့်ခွာသူများ နေထိုင်သည့် စခန်းများတွင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ICRC နှင့် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်မည့်ကိစ္စ၊ စီးပွားရေးထိခိုက်မှုလျော့ကျစေရန်အတွက် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးစီမံကိန်း(COVID-19 Economic Relief Plan) ချမှတ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နေရပ်စွန့်ခွာသူများ၏ စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို စီမံချက်ချမှတ် ဆောင်ရွက်နေမှုများ၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်၊ ဆပ်ပြာ၊ လက်ဆေးဘေစင်၊ ပါးစပ်နှင့်နှာခေါင်းစည်းများနှင့် အပူချိန်တိုင်း ကိရိယာများ ထောက်ပံ့ပေးမှု၊ COVID-19 ကပ်ရောဂါ ကာလအတွင်း သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား အာဟာရ ဖြစ်ထွန်းရေးအတွက် ငွေကြေးထောက်ပံ့ခြင်းကိစ္စများကို ပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက တက်ရောက်သူများမှ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားသည်။ ယနေ့ကျင်းပခဲ့သည့် ရှင်းလင်းပွဲကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19  ကပ်ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

သတင်းစဉ်