ကောလင်း ၁၂ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့အဝင်တွင် ကျောက်တင်ရထားနှင့် ကားတိုက်မှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ကောလင်းမြို့အဝင် မိုင်တိုင်အမှတ် ၅၄၆/၁၂ နေရာ မီးရထားသံလမ်းကူးနေရာတွင် ရထားနှင့် ကား တိုက်မိကြောင်း သတင်းအရ ကောလင်းမြို့ မီးရထားရဲမှ ခေတ္တစခန်းမှူး ဒုရဲမှူးအောင်မင်းစိုး ဦးစီးသောအဖွဲ့၊ ကောလင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ဝေယံသော် ဦးစီးသောအဖွဲ့၊ တိုင်း(၂)မှ စက်မှုအင်/ယာမှူး ဦးရဲကျော်ထွေး ဦးစီသောအဖွဲ့၊ ကောလင်းမီးရထားဘူတာရုံပိုင်ကြီး ဦးဇော်ထွန်း ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ဝန်းသိုမြို့၊ မြနန္ဒာရပ်ကွက်နေ နေလင်းထွန်း ဆိုသူ မောင်းနှင်လာသည့် 6K/xxxx (၆)ဘီးယာဉ်သည် မီးရထားလမ်းအား ဖြတ်ကူးစဉ် စက်ခေါင်းမောင်း ဦးသူရထွန်း၊ ဒုစက်ခေါင်းမောင်း ဦးကျော်နိုင်ထွန်း မောင်းနှင်လာသည့် စက်ခေါင်းအမှတ် DD/949 ကျောက်ရထားစက်ခေါင်းနှင့် တိုက်မိရာ ရထားစက်ခေါင်းမှာ ဘီးချော်ကာ ရထားလမ်း၏ ယာဘက်အနီးရှိ ကုက္ကိုပင်အား တိုက်မိခဲ့ကြောင်း၊ အဆိုပါ တိမ်းမှောက်မှုကြောင့် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ယာဉ်အား မဆင်မခြင်မောင်းနှင်သူ နေလင်းထွန်းအား ကောလင်းမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)