(၂၀၂၀) ပြည့်နှစ်၊ မေလ (၁၂) ရက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ယနေ့ မေလ (၁၂) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ (International Nurses Day) နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါသည်။ သူနာပြုများ၏ ပြည်သူလူထုတစ်ရပ်လုံး အပေါ် အကျိုးပြုမှုများကို အသိအမှတ်ပြုသောအားဖြင့် ဖလော့ရင့်နိုက်တင်ဂေးလ် (Florence Nightingale) ၏ မွေးနေ့ဖြစ်သည့် မေလ (၁၂) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အဖြစ် နိုင်ငံတကာတွင် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
မိမိအနေဖြင့် သူနာပြုများကို အထူးအသိအမှတ်ပြုလေးစားကြောင်း ပြောကြားလိုပါသည်။ သမိုင်းအဆက်ဆက်မှ ယနေ့ခေတ်ကာလအထိ သူနာပြုများသည် နာမကျန်းမာသူများ ရောဂါသက်သာလျော့ပါးစေရေးနှင့် စိတ်ချမ်းသာမှုရှိစေရေးတို့အတွက် ရှေ့တန်းမှ သူနာပြုစုကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ ဖြစ်ပါသည်။ ယခု COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသောကာလတွင်လည်း သူနာပြုများသည် မိမိကိုယ်တိုင် ရောဂါကူးစက်ခံရနိုင်ချေများရှိသော်လည်း လူနာများ၏ရောဂါဝေဒနာ သက်သာပျောက်ကင်း စေရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်နေသူများဖြစ်ပါသည်။ ထို့အပြင် ကပ်ရောဂါဘေး အမျိုးမျိုးကျရောက်သည့် အခါများတွင် သူနာပြုများသည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မွန်မြတ်သောစိတ်စေတနာများဖြင့် ရှေ့တန်းမှဆောင်ရွက်ခဲ့သော သာဓကအများအပြားလည်း ရှိပါသည်။
သူနာပြုများသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်နေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အရေးပါသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ကြီးလည်း ဖြစ်ပါသည်။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သူနာပြုများ၏ အခန်းကဏ္ဍပိုမိုမြင့်မားရေးအတွက် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက် လျက်ရှိပါသည်။ သူနာပြုများ၏ သင်ရိုးညွှန်းတမ်းအဆင့်မြင့်မားရေး၊ သူနာပြုများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ စဉ်ဆက်မပြတ်သူနာပြုပညာသင်ကြားခွင့်ရရှိရေး၊ လုပ်ငန်းခွင် နှင့် ဘဝတက်လမ်းအခွင့်အရေးများ ရရှိမြင့်မားစေရေး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယခု COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလ အတွင်း အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ အတိုင်းအတာတစ်ခုအထိ ရှိနေနိုင်သော်လည်း မိမိတို့ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့၏ ဆောင်ပုဒ်ဖြစ်သော "ကမ္ဘာ့လူသားများ ကျန်းမာဖို့၊ ပြုမူစွမ်းရည်မြှင့်တင်လို့၊ သူနာပြုများဦးဆောင်စို့ (Nurses: A voice to lead - Nursing the World to Health)" နှင့်အညီ တတ်ကျွမ်းသည့်ပညာ၊ မွန်မြတ် သည့် စိတ်စေတနာ၊ မြင့်မားသည့်စွမ်းဆောင်ရည်များဖြင့် ပြည်သူများ၏ ကျန်းမာရေး အတွက် ရှေ့တန်းမှဆောင်ရွက်နေသည့် သူနာပြုများအားလုံးအား အထူးလေးစား ဂုဏ်ပြု အသိအမှတ်ပြုအပ်ပါသည်။
သူနာပြုများအားလုံး ကိုယ်၊ စိတ်နှစ်ဖြာကျန်းမာကြပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံ ကြပါစေရန် ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Crd > Ministry of Health and Sports, Myanmar


