နေရောင်ခြည်ဟာ လူသားတွေကို အဘက်ဘက်က  အများကြီးအကျိုးပြုနေတဲ့ သဘာဝက ဖန်တီး ထားတဲ့အရာလေးပါ။ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်ဒီ ထုတ်လုပ်ဖို့နဲ့ serotonin လို့ခေါ်တဲ့ စိတ်ခံစားချက်နဲ့ အာရုံစူးစိုက်မှုအတွက် ကောင်းမွန်တဲ့ ဟော်မုန်းလေးတွေကိုထုတ်ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် အခြား အဘက်ဘက်ကလည်း နေရောင်ခြည်တွေဟာ မရှိမဖြစ် အရေးပါပါတယ်။ ဒါပေမယ့် နေရောင်ခြည် မှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည်၊ အပူရောင်ခြည်တွေကြောင့် မကြာခဏထိတွေ့ရသူတွေ၊ အချိန်အကြာကြီး ထိတွေ့ရတဲ့ သူတွေအတွက် ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်လာစေပါတယ်။

 

ကျန်းမာရေးဆိုးကျိုးတွေ အနေနဲ့ short term effect (ခဏတာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုး) နဲ့ long term effect (နေရောင်နဲ့ ထိတွေ့တာများလာ၊ ကြာလာတဲ့အခါ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ) ဆိုပြီး နှစ်ပိုင်း ခွဲပြီး ပြောပြပေးသွားပါမယ်။

 

Short Term Effect

 

၁။ နေလောင်ခြင်း

 

နေနဲ့ နာရီပိုင်းလောက်ထိတွေ့ပြီးတဲ့အခါမှာ သင့်အသားအရည်တွေနီရဲလာပြီး ရက်အနည်းငယ် အကြာမှာ ပြန်ပျောက်သွားနိုင်ပါတယ်။

 

၂။ အသားအရောင် ပြောင်းလဲသွားခြင်း

ခရမ်းလွန်ရောင်ခြည်တွေ အရေပြားပေါ်ကျရောက်တဲ့ အခါမှာ ခန္ဓာကိုယ်က melanin လို့ခေါ်တဲ့ ပစ္စည်း လေးတွေကို ထုတ်ပေးနိုင်ပါတယ်။ အဲဒီပစ္စည်းလေးတွေက အသားအရည်ကို ညစ်ညမ်းစေ၊ ညိုမဲစေ နိုင်ပါတယ်။

 

၃။ photosentivity နေရောင်နဲ့ ဓါတ်မတည့်ခြင်း

 

နောက်တစ်ချက်တော့ photosensitivity လို့ခေါ်တဲ့ နေရောင်နဲ့ ထိတွေ့တဲ့အခါ ဓါတ်မတည့်ခြင်းကြောင့် နီရဲလာတာ၊ အနီကွက်တွေ ဖြစ်လာတာမျိုးပါ။ နေရောင်မှာပါတဲ့ ရောင်ခြည်တွေနဲ့ ဓါတ်မတည့်တဲ့ အရေပြားကို ပိုင်ဆိုင်ထားကြတဲ့ သူတွေ၊ (သို့) နေရောင်နဲ့ထိတွေ့တဲ့အခါမှာ ဓါတ်ပြုမှုတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်တဲ့ အခြား ဆေးနဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုတဲ့ သူတွေမှာ ဖြစ်နိုင်ပါတယ်။

 

Long Term Effects

နေရောင်ခြည်နဲ့ ထိတွေ့တာများလာတဲ့အခါ

 

၁။ အရေပြား ထိခိုက်ပျက်စီးခြင်း

 

          အရေပြား အရေးကြောင်းတွေဟာ နေရောင်ထိတွေ့တာများတဲ့ သူတွေမှာ စောစီးစွာ ဖြစ်စေနိုင်တဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

          အမဲစက်၊မှဲ့ တွေ ဖြစ်လာနိုင်ခြင်း။

          အရေပြားကင်ဆာဖြစ်နိုင်ခြင်း။

 

အရေပြားကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပေမယ့် နေရောင်ကို မကြာခဏ ထိတွေ့ခြင်းက အရေပြားကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ နေရောင်တဲ့ အများဆုံးထိတွေ့ရတဲ့နေရာတွေမှာ အဖြစ်များပြီး မှဲ့တွေကနေတစ်ဆင့် ကင်ဆာအဖြစ် ပြောင်းလဲလာနိုင်တဲ့ melanoma လည်းဖြစ်နိုင်တဲ့အတွက် ခန္ဓာကိုယ်မှာရှိနေတဲ့ မှည့်တွေ အရွယ်အစား ကြီးလာတာ၊ အရာင်ပြောင်းလာတာ၊ ရောင်လာတာ၊ သွေးထွက်လာတာတွေကို သတိထားပြီး စောင့်ကြည့်ပေးသင့်ပါတယ်။

 

၂။ မျက်လုံးထိခိုက်ခြင်း

 

          မျက်ကြည်လွှာရောင်ခြင်း (photokeratitis)

          မျက်လုံးအတွင်း တိမ်ဖြစ်ခြင်း ။

အကာအကွယ်မပါဘဲ နေပူနဲ့တိုက်ရိုက် ထိတွေ့တာများတဲ့ သူမျိုးတွေမှာ ပိုဖြစ်နိုင်ပါတယ်။

          မျက်သားတက်ခြင်း (Pterygim)

မျက်သားတက်ခြင်းဟာ နာကျင်တဲ့ပြသနာတော့မရှိပေမယ့် သေသေချာချာ မကုသဘဲ ထားမယ်ဆိုရင် အမြင်ဝါးလာတာမျိုးတွေဖြစ်လာစေနိုင်ပါတယ်။

          Pingueculae လို့ခေါ်တဲ့ မျက်သားအဖြူအပေါ် အညိုရောင်အစက်အပျောက်လေးတွေ ဖြစ်တဲ့ ရောဂါ လည်းဖြစ်နိုင်ပါတယ်။ မရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့်ရော၊ အခြား လေထုထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

          မျက်လုံးကင်ဆာကို လည်းဖြစ်စေနိုင်ပါတယ်။

 

၃။ အပူလျှပ်ခြင်း၊ အပူကြောင့် သတိလစ်မေ့မျောခြင်း

 

အပူဒဏ်ကြောင့် ရေနဲ့ ဆားဓါတ်တွေဆုံးရှုံးပြီး ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ အပူလျှပ်တဲ့ လက္ခဏာတွေအပြင် ပိုဆိုးလာတဲ့အခါမှာ အပူကြောင့် သတိလစ်တာတွေ တက်တာတွေ စတဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အခြေအနေထိဖြစ်စေနိုင်ပါတယ်။

 

၄။ ကိုယ်ခံအား စနစ်အားနည်းလာခြင်း

 

ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်းက ကိုယ်ခံအားကိုလည်း ကျဆင်းစေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

 

ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ နေရောင်ခြည်ကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို သေချာသိရှိပြီး ကာကွယ်နိုင်ကြပါစေ။

 

ရေးသားသူ- Phoo Ngon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr. Htet Htet Zaw Win

 

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”